NLD ဦးတင်ဦး ကိုဗစ်ကူးစက်ခံရလို့ ဆေးရုံတင်ထားရ
ဒီကနေ့ ညနေပိုင်းက တခါသုံးကိုဗစ်စစ် ကိရိယာနဲ့ စစ်ကြည့်ရာမှာ ကူးစက်ခံထားရတာတွေ့ရှိတာကြောင့် ချက်ချင်းဆေးရုံပို့လိုက်တယ်လို့ ဆိုပါတယ်။
- 2022-02-18
-
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး ဦးတင်ဦးဟာ ကိုဗစ်ရောဂါကူးစက်ခံထားရပြီး ရန်ကုန်မှာ ဆေးရုံတက်နေရတယ်လို့ သားဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့ ညနေပိုင်းက အိမ်မှာနေရင်း တခါသုံးကိုဗစ်စစ်တဲ့ ကိရိယာနဲ့ စစ်ကြည့်ရာမှာ ကူးစက်ခံထားရတာတွေ့ရှိတာကြောင့် ချက်ချင်းဆေးရုံပို့လိုက်တယ်လို့ ဆိုပါတယ်။
"အိမ်ခန်းထဲမှာဘဲ တနေ့တနေ့ TV က အားကစား သတင်းတွေ ကြည့်၊ ဘုရားဝတ်ပြုနဲ့ဘဲ အချိန်တွေကို ဖြတ်သန်းနေရသူပါ၊ ဒီတခါ ပျံ့ပျံ့နှံ့နှံ့ ဖြစ်လာတဲ့ ကိုဗစ်က ဘယ်လိုနေရာကနေ ချောင်းဝင်လာတယ်ဆိုတာ အဖြေရှာဖို့ ခက်တာတော့အမှန်ပါ" လို့ သားဖြစ်သူက ရေးထားပါတယ်။
သွေးပေါင်ချိန်ကျပြီး၊ အောက်ဆီဂျင်လည်း ကျနေတာမို့ အောက်ဆီဂျင်ပေးထားတယ်လို့လည်း ဆိုပါတယ်။
ဦးတင်ဦးဟာ လာမယ့် မတ်လ ၁၂ ရက်နေ့ဆိုရင် အသက် ၉၅ နှစ်ပြည့်မှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က နေအိမ်တွင်း ရေချိုးခန်းထဲ ချော်လဲခဲ့ပြီး လေဖြတ်ဝေဒနာ ခံစားနေရတာကြောင့် စကားပီပီသသ မပြောနိုင်ဘူးလို့ သိရပါတယ်။
စစ်အာဏာသိမ်းတနှစ်ပြည့်ခါနီးမှာ NLD နာယကကြီး ဦးတင်ဦးဆီကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံမှုဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံရေး အမြတ်ထုတ်တဲ့တွေ့ဆုံမှုလို့ NLD ပါတီဝင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ခဲ့ပါတယ်။