ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာ ဝင်တွေအကြား နှစ်ဦးနှစ်ဘက် သင့်မြတ်စွာ အတူနေထိုင်ကြဖို့ ဒီနေ့မနက် မောင်တောမြို့နယ် က နှစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တိုက်တွန်းပြောဆိုလိုက်ပါတယ်။
သမ္မတဦးသိန်းစိန် ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ မောင်တောမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွန့်က RFA ကို အခုလိုပြောပါတယ်။
"သမ္မတကြီးက မောင်တောမှာရှိတဲ့ လူမှုအဖွဲ့အစည်းနှစ်ခု အရင်တုန်းကလည်း အတူတူနေလာခဲ့သလို အခုလည်းပဲ ပြဿနာမဖြစ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ ပြောတယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာဖို့အတွက် ပထမဆုံး အကြိမ်အဖြစ် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မြောက်ဦး၊ ကျောက်တော် မြို့တို့ကိုသွားပြီး ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီနေ့ ညနေပိုင်းမှာ စစ်တွေမြို့က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်ကိုယ်စားလှယ် တစ်ဘက် ၁၅ ဦးစီနဲ့ စစ်တွေမြို့ ဗန္ဓုလရိပ်သာမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မနက်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ လူမှုအဖွဲ့အစည်းတွေ အပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို နေ့လည်ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲမြို့နယ်တွေဘက်ကို သွားရောက်ဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။