ကျောက်မျက်အသင်း ဥက္ကဌအဖြစ် ဦးတေဇကို ဆက်လက်တာဝန်ထမ်းဆောင်စေလို

မြန်မာနိုင်ငံရဲ့ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ကို ကျောက်မျက် ရတနာအသင်း ဥက္ကဌအဖြစ် ဆက်လက် ထမ်းဆောင်ခွင့်ပြုသင့်ကြောင်း ယင်းအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

2013.01.31

ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်းများ အသင်းချုပ် UMFCCI ခန်းမမှာ မနေ့က (ဇန်နဝါရီ ၃၁ ရက်)နေ့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

ဦးတေဇဟာ မြန်မာနိုင်ငံ ကျောက်မျက်ဈေးကွက် တိုးတက်အောင် လုပ်ဆောင်နိုင်သူဖြစ်တဲ့အပြင်၊နိုင်ငံတကာ ကျောက်မျက်ဈေးကွက်အတွင်းကို မြန်မာနိုင်ငံ ဝင်ရောက်နိုင်အောင် စွမ်းဆောင်နိုင်သူ ဖြစ်တာကြောင့်  အသင်းဥက္ကဌ တာဝန်ဆက်လက်ထမ်းဆောင်သင့်တယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာအသင်း အတွင်းရေးမှူး (၁) ဦးကျော်ဌေး က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ဇန်နဝါရီလ တတိယပတ်အတွင်း မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မြန်မာနိုင်ငံ ကျောက်မျက်ရတနာအသင်းနဲ့ ကျောက်မျက်လုပ်ငန်းတွေရဲ့ ၆ဝ ရာခိုင်နှုန်းကို အရင်အစိုးရအဖွဲ့ဝင်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့နီးစပ်တဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေက ထိန်းချုပ်ထားကြောင်း၊ ဒီအခြေအနေကို ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း လွှတ်တော်မှာ အဆိုပြုဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက်ရက်ပိုင်းအတွင်းမှာပဲ  ဦးတေဇက ကျောက်မျက်အသင်းဥက္ကဌရာထူးကနေ နှုတ်ထွက်စာတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျောက်မျက်ရတနာအသင်း တာဝန်ရှိသူတွေကတော့ ဦးတေဇ နှုတ်ထွက်စာတင်တာဟာ လွှတ်တော်က ဆွေးနွေးချက်တွေနဲ့ မသက်ဆိုင်ဘူးလို့ ပြောကြားခဲ့ကြပြီး ဒီသတင်းစာရှင်းလင်းပွဲကိုလည်း  ဦးတေဇက  ပြည်ပကိုသွားရောက်နေတဲ့အတွက် မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။