သမ္မတ လျာထားတဲ့ကိစ္စ သဘာဝ မကျကြောင်း ဦးရွှေမန်း ပြောဆို
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ က သမ္မတလောင်းအဖြစ် ပါတီဥက္ကဌဖြစ်တဲ့ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လျာထားကြောင်း ပြောဆိုနေတာဟာ တစ်ဦးတစ်ယောက် ရဲ့ ပြောဆိုမှုတွေသာဖြစ်ကြောင်းနဲ့ သဘာဝ မကျကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က ပြောပါတယ်။
-
2015-10-25 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက သမ္မတလောင်းအဖြစ် ပါတီဥက္ကဌဖြစ်တဲ့ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လျာထားကြောင်း ပြောဆိုနေတာဟာ တစ်ဦးတစ်ယောက်ရဲ့ ပြောဆိုမှုတွေသာဖြစ်ကြောင်းနဲ့ သဘာဝမကျကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။
ဒီနေ့ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပေါက်ဇလုပ်ကျေးရွာမှာ စည်းရုံးဟောပြောအပြီး သတင်းထောက်တွေ က မေးမြန်းရာမှာ သူရဦးရွှေမန်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ဒီကိစ္စတွေက ပါတီရဲ့ကိစ္စကို တစ်ဦးတစ်ယောက်တည်းရဲ့ ပြောဆိုဆုံးဖြတ်ချက်က တကယ်တမ်းကျတော့ သဘာဝမကျပါဘူး ဒါ ပထမချက်ပါ၊ ဒုတိယအချက်ကတော့ လာမယ့်ရွေးကောက်ပွဲအလွန် သမ္မတရွေးချယ်ရေး ကိစ္စတော့ လွှတ်တော်နဲ့ပဲဆိုင်ပါတယ်"
ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့ကတော့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ ပါတီက သမ္မတလောင်း ရွေးချယ်ထားမှုအပေါ် ထုတ်ဖော်ပြောဆိုနေကြပါတယ်။
သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့သြဂုတ်လက ပါတီရဲ့ပူးတွဲဥက္ကဌ တာဝန်ကနေ ဖယ်ရှားခံရပြီးနောက် ပါတီဝင်အဖြစ်သာ ဆက်ရှိနေတာဖြစ်ပါတယ်။ သူဟာ လာမယ့် ရွေးကောက်ပွဲမှာ ဖြူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူ့ရဲ့မဲဆန္ဒနယ်အတွင်းက ကျေးရွာတွေမှာ အပတ်စဉ် မဲဆွယ်စည်းရုံးနေတာဖြစ်ပါတယ်။
သူရဦးရွှေမန်းရဲ့ ဟောပြောချက်တချို့နဲ့ သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းမှုတွေအပေါ် ပြန်လည်ဖြေကြား ခဲ့တာတွေကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်နဲ့ ကိုဝင်းကိုကိုလတ်တို့က ပေးပို့ထားပြီး ကိုသီဟထွန်း က ကောက်နှုတ်တင်ပြထားပါတယ်။