လွှတ်တော်တွင်း မေးမြန်း မှု၊ ဖြေကြားမှုတွေ သူရဦးရွှေမန်း သတိပေး

ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ် (photo from youtube)

ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

မြန်မာနိုင်ငံက သဘာဝသယံဇာတတွေ အိမ်နီးချင်း တရုတ်နိုင်ငံကို တရားမဝင် ရောက်ရှိနေတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ပြန်လည်ဖြေကြားခဲ့တဲ့ ဝန်ကြီးတစ်ဦး ကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ သတိပေးစကား ပြောကြားခဲ့ပါတယ်။

သယံဇာတတွေကို တရားမဝင်ခိုးထုတ်တဲ့ ဝန်ထမ်းတွေ ကို အရေးယူဖို့ ရှိ မရှိနဲ့ တရားမဝင်ခိုးထုတ်တဲ့ တရုတ် ကုမ္ပဏီတွေထံက လျော်ကြေးပြန်ရဖို့ တရုတ်အစိုးရ နဲ့ ဆွေးနွေးဖို့ ရှိမရှိ ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက အခုလို မေးမြန်းခဲ့တာပါ။

"မြန်မာနိုင်ငံမှ သယံဇာတများကို တစ်ဘက်နိုင်ငံ သို့ တရားမဝင် ထုတ်ယူနေမှုများကို နိုင်ငံတော် အစိုးရမှ သိပါသလား၊ ယခင်ကမသိလည်း အခုဂျာနယ်တွင် ဖော်ပြချက်များအရ သိရပြီဖြစ် ၍ နိုင်ငံတော်အစိုးရမှ မည်သို့ဆောင်ရွက်လျှက်ရှိသည်ကို သိရှိလိုပါသည်၊ ဤကဲ့သို့ နိုင်ငံတော်၏ သယံဇာတများကို တရားမဝင် ထုတ်လုပ်နေမှုများအပေါ် တာဝန်မဲ့ဆောင်ရွက်နေသည့် ဝန်ထမ်းများ အား မည်ကဲ့သို့အရေးယူသည်ကို သိရှိလိုပါသည်၊ ဆုံးရှုံးခဲ့သော နိုင်ငံပိုင် သယံဇာတများနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့် ညှိနှိုင်း၍ ထိုက်သင့်သည့် လျှော်ကြေးငွေများ ရရှိရေးအတွက် တရားမဝင် ခိုးထုတ်သွားသည့် တရုတ်ကုမ္ပဏီများထံမှ ပြန်လည်ရရှိရေးဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းအပ်ပါသည် "

အဲ့ဒီမေးခွန်းအပေါ် သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က အခုလို ဖြေခဲ့ပါတယ်။

"စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၏ စည်းကမ်းဖော်ဖျက်မှု၊ လာဘ်ပေးလာဘ်ယူမှု တရားမဝင်အဖွဲ့အစည်း လူပုဂ္ဂိုလ်များ၏ စည်းကမ်းဥပဒေ ချိုးဖောက်မှုများကို လွှတ်တော် ကိုယ်စားလှယ်ကြီး တစ်ဦးအနေနဲ့ မေးခွန်းထုတ်ရုံနဲ့ မလုံလောက်သေးပါ၊ မေးခွန်းရဲ့နောက်မှာ တာဝန်တွေ ကျန်ရှိနေသေးတယ်လို့ ယူဆပါတယ်၊ အဲဒါကတော့ နိုင်ငံတော်ရဲ့ သယံဇာတများ လုံခြုံရေးအတွက် ပြည်သူတစ်ရပ်လုံးက တက်တက်ကြွကြွဖြင့် သတင်းပေးခြင်း၊ ဖမ်းဆီးခြင်း၊ တိုင်ကြားခြင်း၊ လိုအပ်လျှင် တရားလိုလုပ်၍ တရားစွဲဆိုခြင်း သက်သေခံပေးခြင်းတို့ဖြင့် ပါဝင်ဆောင်ရွက်လာအောင် လွှတ်တော် ကိုယ်စားလှယ်ကြီးတို့က စည်းရုံးခြင်း၊ ပူးပေါင်း တားဆီးခြင်းဖြင့် တင်ပြကာကွယ်ကြမှသာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ တစ်ရပ်လုံးမှ အားမလိုအားမရ ဖြစ်နေမှုများ ချုပ်ငြိမ်းသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါသည်"

လွှတ်တော် ကိုယ်စားလှယ်တွေ မေးခွန်းမေးမြန်းတဲ့အခါ အပြုသဘော မေးမြန်းဖို့ လိုအပ်ကြောင်းနဲ့ ဖြေကြားတဲ့ဘက်ကလည်း နည်းလမ်းမှန်ကန်စွာနဲ့ ဖြေကြားဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို သတိပေးခဲ့တာပါ။

"လွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိတို့ရဲ့တာဝန် ပြည်သူများကို အမှန်တကယ် ကိုယ်စားပြုရာရောက်ဖို့ တင်ပြဆောင်ရွက်နေမှုများဟာလည်း အပြုသဘောမဟုတ်ဘဲနဲ့ သက်သက်အဖျက်သဘော သို့မဟုတ် နိုင်ငံအကျိုး၊ မိမိတို့အကျိုး မဟုတ်တဲ့ကိစ္စမျိုးကို မပြောမိဖို့၊ မတင်ပြမိဖို့၊ မဆွေးနွေးဖို့လိုတယ်၊ ဖြေကြားတဲ့သူများကလည်း မိမိတို့တာဝန်အရ ပြန်လည်ဖြေကြား တဲ့အခါမှာ နည်းလမ်းမှန်ကန်စွာနဲ့ ဖြေကြားဖို့လိုကြောင်း အားလုံးကို အသိပေး၍ ဒီဟာကိုမှတ်တမ်း အဖြစ် ထားရှိဆောင်ရွက်သွားဖို့ ကြေညာပါတယ်"

လွှတ်တော် အစည်းအဝေးတွေမှာ မေးမြန်းတဲ့ မေးခွန်းတွေဟာ လွှတ်တော်ဥက္ကဌ ခွင့်ပြုချက်နဲ့ မေးမြန်း ရတာ ဖြစ်တယ်ဆိုတာကို မေးသူရော ဖြေဆိုသူပါ နားလည်ဖို့ လိုအပ်တယ်လို့လည်း လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။