ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ ကျင်းပမည်
2018.04.30

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို လာမယ့် မေလကုန်မှာ ကျင်းပမယ် လို့ ပါတီတာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
နေပြည်တော်က ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ လူငယ်ညီလာခံ ကျင်းပမှာဖြစ်တယ်လို့ ပျဉ်းမနား မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီ က ပြောပါတယ်။
"အကြမ်းဖျင်းအားဖြင့် သိထားတာကတော့ ဗဟိုညီလာခံက မေလ တတိယအပတ်မှာ ဆောင်ရွက်မယ်လို့ ထင်ပါတယ်၊ နိုင်ငံတော်မှာ အရေးကြီးတဲ့လုပ်ငန်းရပ်တွေ ရှိနေရင်တော့လည်း အနည်းငယ်အပြောင်းအလဲ ရှိနိုင်တာပေါ့"
ပျဉ်းမနားမြို့နယ်က ပါတီရုံးခန်းမှာ ဒီကနေ့ လူငယ်ညီလာခံအကြို တွေ့ဆုံပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
လူငယ်ညီလာခံအကြို တွေ့ဆုံပွဲတွေကို မြို့နယ်အလိုက် ကျင်းပနေပြီး မေလလယ်လောက်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် တွေ့ဆုံပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်မှာ လူမှုရေးအသင်းအဖြစ် ဖွဲ့စည်းခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဟာ ၂ဝ၁၃ ခုနှစ်မှာ လူငယ်ညီလာခံ ကျင်းပခဲ့ဖူးပါတယ်။
အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီလူငယ်ညီလာခံကို နေပြည်တော်မှာ ဒီလဆန်းလောက် က ကျင်းပခဲ့ပါတယ်။