ထောင်ကျသွားတဲ့ ကြံ့ခိုင်ရေးအမတ်ကို လွှတ်တော်တာဝန်က ရပ်ဆိုင်းမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကို ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်တာ တရားရုံးက ထုတ်ပြန်တဲ့ အမိန့်ရရင် လွှတ်တော် ကိုယ်စားလှယ် တာဝန်ကနေ ရပ်ဆိုင်းကြောင်း ထုတ်ပြန်မယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး ကို တွေ့ရစဉ် ဓာတ်ပုံ - ဉာဏ်လှိုင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကို ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်တာ တရားရုံးက ထုတ်ပြန်တဲ့ အမိန့်ရရင် လွှတ်တော် ကိုယ်စားလှယ် တာဝန်ကနေ ရပ်ဆိုင်းကြောင်း ထုတ်ပြန်မယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး ထောင်ဒဏ် ခြောက်လ ချမှတ်ခံရတာကို တရားရုံးဘက်က လွှတ်တော်ကို အကြောင်းကြားတာမရှိသေးကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောပါတယ်။

“ထောင်ဒဏ်အပြစ်ပေးခံရတယ်ဆိုရင် တာဝန်က အလိုလျောက်ရပ်စဲတယ်။ အမိန့်ရရင် တာဝန်ကို ရပ်စဲကြောင်း ကြေညာမယ်။ ဒီအပေါ်မှာ  သူအယူခံတက်ခွင့်ရှိတာပဲ၊ အယူခံတက်လို့ အောင်ရင် ကိုယ်စားလှယ် တာဝန်ကတော့ ပြန်ပြီးတော့ရှိမှာပေါ့"

ဦးတင်စိုးကိစ္စကို ပထမဦးဆုံးအနေနဲ့ လွှတ်တော်တွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပေမယ့် တွေ့ရှိချက် အရ လွှတ်တော်တွင်း အရေးယူတာလုပ်လို့မရတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စစ်ဆေးတွေ့ရှိချက်တွေ ပေးပို့ခဲ့တယ်လို့လည်း ဦးအောင်ကျော်ဦးက ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ပျော်ဘွယ်မြို့နယ် ကြက်တည်ကျေးရွာက ပြည်သူလူထုနဲ့ တွေ့ဆုံရာမှာ အစိုးရအဖွဲ့ကို မဟုတ်မမှန် ပြောဆိုခဲ့တယ်ဆိုပြီး ရမည်းသင်းခရိုင် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးညီညီလွင်က အမှုဖွင့်တိုင်ကြားခဲ့တာပါ။

အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဦးတင်စိုး ပြောကြားချက်တွေထဲမှာ အမြန်လမ်းမကြီး ဘယ်သူလုပ်လဲ၊ ဦးသန်းရွှေလုပ် တယ်။ နေပြည်တော်ကို ဘယ်သူတည်ဆောက်လဲ၊ ဦးသန်းရွှေ တည်ဆောက်ခဲ့တယ်အပြင် ရခိုင်က ဘင်္ဂါလီ အိမ်တွေကို ဘယ်သူတည်ဆောက်ပေးခဲ့လဲ လက်ရှိအစိုးရ ဆောက်ပေးခဲ့တယ်၊ ရခိုင်တိုင်းရင်းသားတွေ အသတ်ခံရတာကို အစိုးရက ဘာလုပ်ပေးလည်းဆိုပြီး ထည့်သွင်းပြောဆိုထားပါတယ်။

အဲဒီပြောဆိုချက်တွေဟာ ဘာသာရေး၊ လူမျိုးရေးကိစ္စတွေဖြစ်ပြီး အများပြည်သူ အထိတ်တလန့် ဖြစ်စေတယ် ဆိုပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပျော်ဘွယ်မြို့နယ် တရားရုံးမှာ အမှုဖွင့် တရားစွဲ ခဲ့တာပါ။

အခုလ ၁၃ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၆ လ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဦးတင်စိုးဟာ ရမည်းသင်း အကျဉ်းထောင်မှာ ရောက်နေတယ်လို့ ရမည်းသင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်နိုင်ညွန့်က ပြောပါတယ်။

ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကတော့ အယူခံဝင်မယ်ဆိုရင်တော့ ကူညီသွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့လက်ထက်မှာ လွှတ်တော် ကိုယ်စားလှယ် ထောင်ချတာမျိုး မရှိခဲ့ဘူး၊ ဒီဘက်လက်ထက်မှာပဲ ရှိခဲ့တယ်။ ဒါသည် ဒီမိုကရေစီအခွင့်ရေးကို ဘယ်အဖွဲ့က ပိုပြီးပေးနေလဲဆိုတာ ကြည့်တတ်ရင် မြင်နိုင်မယ်လို့ ထင်ပါတယ်“

မန္တလေးတိုင်း လွှတ်တော်အတွင်းမှာ အရင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ခုနှစ်ယောက်ရှိရာမှာ အခုဆိုရင် ခြောက်ယောက်သာ ကျန်ရှိတော့ပါတယ်။

ဦးတင်စိုးနည်းတူ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်လည်း ၂၀၁၈ ခုနှစ်က ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ကျင်းပတဲ့ "ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း" အထိမ်းအမှတ် ကျင်းပတဲ့ ဟောပြောပွဲမှာ ရခိုင်လက်နက်ကိုင် တော်လှန်ရေးနဲ့ ပတ်သက်တာတွေကို ထည့်သွင်း ဟောပြော ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org