သမ္မတအမိန့်နဲ့ လွှတ်တော်ဖျက်သိမ်းနိုင်တဲ့ ဥပဒေမူကြမ်း ကြံ့ခိုင်ရေးပါတီ တင်သွင်း
လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ တာဝန်တွေကို ထည့်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။
-
2019-09-20 -
-
-
Your browser doesn’t support HTML5 audio
လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ တာဝန်တွေကို ထည့်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စား လှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် တင်သွင်းခဲ့တာဖြစ်ပါတယ်။
အုပ်ချုပ်ရေးကဏ္ဍနဲ့ ဥပဒေပြုရေးကဏ္ဍ အပြန်အလှန်ထိန်းကျောင်းမှု ဆောင်ရွက်ရာမှာ သမ္မတစနစ် ပိုမိုပီပြင်စေဖို့ သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံြခုံရေးကောင်စီရဲ့ထောက်ခံချက်နဲ့ လွှတ်တော်တွေကို ဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးကို ရရှိစေဖို့ ပြင်ဆင်တာဖြစ်ကြောင်း လွှတ်တော်ကို ဒီနေ့တင်ပြတဲ့ ဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းသာပါရှိပြီး အခုပြင်ဆင်ဖို့တင်သွင်းတဲ့ ဥပဒေကြမ်းမှာ ကာလုံရဲ့ တာဝန်တွေကို ထပ်မံဖြည့်စွက်လိုက်တာပါ။
ဖြည့်စွက်ထားတဲ့အချက်တွေက ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု ယိုယွင်းလာတဲ့အခါ လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော် သမ္မတကို ကာလုံအနေနဲ့ အကြံပေးဖို့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အရေအတွက် သုံးပုံ တစ်ပုံနဲ့အထက် အကြောင်းအမျိုး မျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် တင်သွင်းတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး လတ်မှတ်ထိုးထားတာဖြစ်ပါတယ်။
အလားတူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ်ကလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးလက်မှတ်နဲ့ ဥပဒေမူကြမ်းတစ်ခုကို တင်ခဲ့တာကြောင့် ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ စုစုပေါင်း အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း နှစ်ခုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
တပ်မတော်သားအစုအဖွဲ့က ပြင်ဆင်ဖို့ တင်သွင်းတဲ့ ဥပဒေကြမ်းမှာ ပါဝင်တဲ့ ပုဒ်မတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၅ အုပ်ချုပ်ရေးကဏ္ဍမှာ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးရာမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လျော့ချပြီး သမ္မတကို တင်ပြဖို့မလိုပဲ ခန့်အပ်ခွင့်ရဖို့ ပြင်ဆင်ထားတဲ့ ပုဒ်မတွေ အများဆုံး ပါဝင်တာကိုတွေ့ရပါတယ်။
တပ်မတော်အနေနဲ့ ဒီဥပဒေကြမ်းကို တင်သွင်းရတဲ့ ရည်ရွယ်ချက်က တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်တည်ငြိမ်စေဖို့၊ ဒီမိုကရေစီစံနှုန်းများနဲ့အညီ လွတ်လပ်တရားမျှတတဲ့ တိုင်းရင်းသားတွေလိုလားချက်ကို အလေးဂရုပြုဖော်ဆောင်ပေး ဖို့ ဖြစ်တယ်လို့ ဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းသတ်မှတ်ချက် ထပ်မံဖြည့်စွက်ဖို့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို တပ်မတော်က တင်သွင်းထားတာရှိပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)