ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
အဲဒီအစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ် ရှစ်ဦး၊ အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ် လေးဦး အပါအဝင် ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးမှာဖြစ်ပါတယ်။
အဖွဲ့ဝင် ၃၀ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီပူးပေါင်းကော်မတီက ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီနဲ့ ပူးပေါင်းဆွေးနွေးဖို့ သဘောထားမှတ်ချက်ပြုထားတာပါ။
တပ်မတော်သားကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်နဲ့ အခြား နှစ်ဦးကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ ပါ ပြဌာန်းချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ အကြံပြုထားကြပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်းက သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ကို လျှော့ချတဲ့ ပုဒ်မ လေးခုကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထား တာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် ပေးပို့သည်)