USDP ပါတီက ကိုယ်စားလှယ်ရဲ့ ကား ပစ်ခတ်ခံရ
2015.11.15

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်ရဲ့ ယာဉ်တန်းဟာ မနေ့ညနေ သုံးနာရီအချိန်က တာမိုးညှဲကနေ ကွတ်ခိုင်ကိုလာတဲ့လမ်းမှာ ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။
အပစ်ခတ်ခံရချိန်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကတော့ ကွတ်ခိုင်မြို့ကိုရောက်ရှိနေပြီး နောက်မှာ ကျန်ခဲ့တဲ့ သူစီးနေကြကား အပစ်ခံရတာဖြစ်ပြီး လုံခြုံရေးလိုက်ပေးသူ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောပါတယ်။
"မနက်က ကျနော်တို့ တာမိုးညဲကနေပြီးတော့ကားနဲ့ ညနေ ၁ နာရီ ၄၅ လောက်ထွက်လာတယ်ပေါ့၊ ၅ မိုင်ခွဲလောက် ရောက်တဲ့နေရာမှာ ကျနော့်တို့ ခါတိုင်းစီးတဲ့ကားနဲ့ ကျနော့် တပည့်နှစ်ယောက်က ကျနော်ကားစီးပြီးတော့မှ ၃ နာရီခန့်လောက်ရှိမယ်၊ ပြောပြချက်အရက ပစ်ခတ်တိုက်ခိုက်တဲ့ အဖွဲ့က ကားမတားဘဲနဲ့ ဒီအတိုင်းပဲ လမ်းဘေးနဲ့ အပေါ်ကနေ ပစ်ချတာ၊ မြင်တော့မမြင်ဘူး ဒါပေမဲ့ ကြားတာကတော့ သူတို့ယူဆတာ ကတော့ ကေအိုင်အေလား၊ ပလောင်အဖွဲ့လားတော့ မသိဘူးတဲ့"
ဒဏ်ရာရခဲ့ရတဲ့ တာမိုးညှဲ ပြည်သူ့စစ်နှစ်ဦး အားချန်းနဲ့ အားဖေတို့ နှစ်ဦးကို တာမိုးညှဲဆေးရုံကနေ ရွှေလီမြို့ မန်စီဆေးရုံမှာ ဆေးကုသပေးနေပြီး ဒဏ်ရာပြင်းထန် တယ်လို့လည်း သိရပါတယ်။
ဦးမြင့်လွင်ဟာ တာမိုးညှဲပြည်သူ့စစ် ခေါင်ဆောင်တစ်ဦးဖြစ်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ကြံခိုင်ရေးပါတီကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။
အခု ၂ဝ၁၅ ရွေးကောက်ပွဲမှာလည်း ကြံခိုင်ရေးပါတီကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဦးမြင့်လွင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကွတ်ခိုင်မဲဆန္ဒနယ် အမှတ် (၂) မှာ ကြံခိုင်ရေးပါတီ၊ ကျားဖြူပါတီ၊ ကျားခေါင်းပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း(ပလောင်)အမျိုးသားပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။