ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များ နေပြည်တော်မှာ ရွေးကောက်ပွဲ ဝင်မည်
2020.08.05
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး အပါအဝင်၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝန်ကြီးဟောင်း တချို့၊ ၂၀၂၀-ရွေးကောက်ပွဲမှာ နေပြည်တော်မဲဆန္ဒနယ်မြေတွေကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရွေးကောက် ပွဲကော်မရှင်ထံ ဒီကနေ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း လာရောက်တင်သွင်းလိုက်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဟာ ၂၀၂၀ ရွေးကောက်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက် ရာနဲ့ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေ တည်ရှိရာ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ ဒီနေ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလိုက်တာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်က ဇမ္ဗူသီရိမဲဆန္ဒနယ်နဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်က ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်တွေနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော် ရှင်းပြပါတယ်။
"ဒီနေ့ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုနယ်မြေမှာ ၁၀ နေရာရှိတယ်၊ အဲဒီ ၁၀ နေရာစလုံးလာတင်ပါတယ်၊ ဥတ္တရသီရိမြို့နယ်မှာဆိုရင် ပြည်သူ့လွှတ်တော်က ဦးဝင်းရှိန်ပါ၊ ပျဉ်းမနား မြို့နယ်က ဦးမြင့်အောင်သန်းပါ၊ ဇေယျာသီရိမြို့နယ်က ဦးသန်းဌေးပါ၊ ပုဗ္ဗသီရိမြို့နယ်က ဦးဝေလွင်ပါ၊ လယ်ဝေးမြို့နယ်က ဦးဌေးဝင်းဖြစ်ပြီးတော့ ဇမ္ဗူသီရိမြို့နယ်က ဦးဝဏ္ဏမောင်လွင်ဖြစ်ပါတယ်"
ဥတ္တရသီရိ မဲဆန္ဒနယ်ကနေ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်၊ ဒက္ခိဏသီရိမဲဆန္ဒနယ်ကနေ လယ်ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ပျဉ်းမနားမြို့နယ်မှာ အငြိမ်းစားဗိုလ်မှူးကြီး ဦးမြင့်အောင်သန်း၊ တပ်ကုန်းမြို့နယ်မှာ အငြိမ်းစားဗိုလ်ကြီး ဦးကျော်ကျော်လတ်နဲ့ လယ်ဝေးမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင် ဦးဌေးဝင်းတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
လယ်ဝေး မဲဆန္ဒနယ်ကနေပြိုင်မယ့် ဦးဌေးဝင်းက၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၂၀၁၅ မှာ မပြိုင်ခဲ့ဘဲနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲကျမှသာ ပြန်ပြီးယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲမှာတော့ ပြိုင်ဘက်ပါတီတွေ များလာတဲ့အတွက် မဲဆွယ်တဲ့အခါမှာ အခက်အခဲရှိလာနိုင်တယ်လို့ ဦးဌေးဝင်းက ပြောပါတယ်။
"စိန်ခေါ်မှုအခက်အခဲကတော့ သိပ်ကြီးကြီးမားမားမရှိပါဘူး၊ ခုနပြောသလို ပါတီတွေများလာတဲ့အခါ ၂၀၁၀ တုန်းကတော့ ကျနော်တို့က တစ်သီးပုဂ္ဂလရယ်၊ တစညရယ်ပဲ ပြိုင်တာဆိုတော့ ကျနော်တို့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းလို့ရတာပေါ့၊ ပြောရရင်တော့ ကိုယ့်အဝန်းအဝိုင်းနဲ့ ကိုယ်လုပ်ကြတာပေါ့၊ အခုတစ်ကြိမ်တော့ ပါတီတွေ များလာတဲ့အခါကြတော့ နယ်မြေကွင်းဆင်းတဲ့အခါတောင်မှ ရက်တွေဘာတွေက တော်တော်လေး ဆင်းဖို့ရာမှာ စီစဉ်ရတာ အခက်အခဲရှိတာပေါ့၊ တခြားမဟုတ်ပါဘူး တနေ့တည်း သူလည်းဆင်းမယ် ကိုယ် လည်း ဆင်းမယ်ဆို တချို့နယ်တွေမှာ လုပ်ရမှာတော့ ကော်မရှင်ကလုပ်ရမယ့်အလုပ်ပေါ့လေ အဲဒါလေးတွေ တော့ရှိလာမှာပေါ့"
နေပြည်တော်မှာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ရှစ်နေရာနဲ့ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် နှစ်နေရာအပါအဝင် စုစုပေါင်း မဲဆန္ဒနယ် ၁၀ နေရာ ရှိပါတယ်။
ကြံ့ခိုင်ရေးပါတီက အဲဒီမဲဆန္ဒနယ် ၁၀ ခုစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ပြိုင် မယ့် ဇေယျာသီရိမဲဆန္ဒနယ်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာရော ၂၀၁၅ ရွေးကောက်ပွဲမှာပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နှစ်နေရာမှာတော့ ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီနဲ့ ဦးခင်မောင်ဌေးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နေပြည်တော်အတွက် အရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်အများစုကို ပြန်လည်ရွေးချယ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတာတွေ့ရပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၀၀၀ကျော် နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်စာရင်းကိုတော့ သြဂုတ်လ ၇ ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပြန်ပေးသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က RFA ကို ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ဒီတခေါက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီ အရေအတွက်နဲ့ ကိုယ်စားလှယ်လောင်းတွေ များလာတဲ့အတွက်၊ မဲပြန့်သွားနိုင်တဲ့ အနေအထားရှိပြီး ဘယ်သူနိုင်မယ်ဆိုတာ ခန့်မှန်းဖို့ခက်တယ်လို့ သုံးသပ်ပါတယ်။
"နေပြည်တော်နယ်မြေမှာက ဘယ်လိုမဲရလဒ်တွေ ထွက်လာမလဲ ဆိုတာကတော့ မှန်းဖို့တော့ခက်တယ်၊ မဲတွေတော့ တော်တော်ပြန့်သွားမယ့် သဘောတော့ရှိတာပေါ့နော်၊ ဦရွှေမန်းကို ထောက်ခံတဲ့ဒေသတွေလည်း ရှိနိုင်သလို တပ်နဲ့နီးစပ်တယ်ဆိုတဲ့ USDP ကို ထောက်ခံတဲ့ဒေသတွေလည်း ရှိနိုင်တာပေါ့နော်"
ပြည်ထောင်စုနယ်မြေ နေပြည်တော် မဲဆန္ဒနယ် ၁၀ နေရာမှာ၊ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းပေးထားသူက ဒီနေ့ သြဂုတ်လ ငါးရက် နေ့လယ်ပိုင်းထိ စုစုပေါင်း ၅၁ ဦးရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၄၂ ဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးရှိကြောင်း ပြည်ထောင် စု နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စာရင်းတွေအရ သိရပါတယ်။
အဲဒီ ၅၁ ဦးထဲမှာ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားသူက ခုနှစ်ဦးရှိနေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းတာကို၊ ဇူလိုင်လ ၂၀ ရက် ကနေ သြဂုတ်လ ၇ ရက်အထိ သတ်မှတ်ထားပေမဲ့ ရက်ကပ်ပြီးမှ လာတင်ကြတဲ့အတွက် အခက်အခဲရှိတယ်လို့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော်က ရှင်းပြပါတယ်။
"ဒီမှာက ပါတီရုံးစိုက်တာ ပြည်ထောင်စုနယ်မြေမှာ ၁၂ ခုရှိတယ်၊ ၁၂ ပါတီရှိတာဆိုတော့ ကျန်တဲ့ပါတီတွေ ကိုလည်း ရှေ့ရက်ကလေးတွေမှာ လာတင်စေချင်တာပေါ့နော်၊ ကျနော်တို့က တစ်ယောက်ကို စစ်တယ်ဆိုရင် ငါးမိနစ်လောက်ကြာတယ်၊ ရှေ့နဲ့နောက်လွဲတာတို့ ဌာနလွဲတာတို့ ရှိတာပေါ့လေ၊ ကျန်တဲ့ပါတီတွေက ဘယ်အချိန်လာတင်မလဲ ပြောလို့မရဘူး၊ မြန်မြန်လေးလာတင်ရင်တော့ ပိုကောင်းတာပေါ့၊ အလုပ်လုပ်ရတာ ပိုအဆင်ပြေတာပေါ့"
နေပြည်တော်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးနိုင်တဲ့ မဲဆန္ဒရှင်ဦးရေက ရှစ်သိန်းလေးသောင်းကျော်ရှိပြီး၊ မဲရုံ ၆၃၃ ရုံမှာ မဲပေးနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ မဲဆန္ဒရှင် ပြည်သူ ခုနှစ်သိန်း ကျော် မဲပေးခဲ့ကြပြီး၊ ပါတီပေါင်းစုံကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်း ၄၄ ဦးရှိခဲ့ပါတယ်။
နေပြည်တော် မဲဆန္ဒနယ် ၁၀ နေရာအနက် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ကိုးနေရာမှာ အနိုင်ရခဲ့ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တပ်မိသားစုများတဲ့ ဇေယျာသီရိမြို့နယ် တစ်နေရာထဲမှာသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။