မြန်မာနိုင်ငံ ပိတ်ဆို့မှုဥပဒေ ပြန်လည်ပြဌာန်းဖို့ USCIRF တင်ပြ
2019.04.29

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာအဖွဲ့ (USCIRF)က မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆိုးဝါးစွာ ဆက်လက်ပေါ်ပေါက်နေတဲ့အတွက် သမ္မတဟောင်း အိုဘားမား အစိုးရလက်ထက်က ဒီမိုကရေစီစနစ် ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှုတွေရှိတယ်ဆိုပြီး ရုပ်သိမ်းခဲ့တဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်ပြဌာန်းဖု့ိနဲ့ လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုလည်း သက်တမ်းတိုးဖို့ သမ္မတ ထရမ့်အစိုးရကို တိုက်တွန်းတင်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတာကို မြန်မာအစိုးရနဲ့ တပ်မတော်က ငြင်းပယ်ကာ တာဝန်ယူမှု မရှိကြောင်း၊ အမေရိကန်အစိုးရနဲ့ မဟာမိတ်နိုင်ငံတွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုန်းရှင်းလင်းမှုတွေ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အကျယ်အပြန့်လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာ့တပ်မတော်က တာဝန်ရှိသူတချို့ကို ကန့်သတ်ပိတ်ဆု့ိမှု အနည်းငယ်မျှသာ ချမှတ်ခဲ့ကြောင်း၊ ဒါကြောင့် မြန်မာပြည်နဲ့ ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ်က သမ္မတအမိန့်နဲ့ တားမြစ်ရပ်ဆိုင်းခဲ့တဲ့ (International Emergency Economic Powers Act) အရေးပေါ် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုဥပဒေကို ပြန်လည်ပြဌာန်းကာ လက်ရှိ ပြဌာန်းထားတဲ့ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တားမြစ်ချက်ကို ဆက်လက်ထားရှိဖို့ ထောက်ခံတင်ပြကြောင်း စသဖြင့် ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ ထုတ်ပြန်တဲ့ USCIRF ရဲ့ ၂ဝ၁၉ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီ အစီရင်ခံစာမှာ မွတ်စလင်တွေအပေါ်သာမက ခရစ်ယာန်အပါအဝင် တခြား လူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက်ပေါ်ပေါက်နေကြောင်းနဲ့ အဲဒီလို ဘာသာရေးလွတ်လပ်ခွင့်ကို တားမြစ်ပိတ်ပင်တားဆီးနေတဲ့ အဖွဲ့အစည်းတွေထဲမှာ UWSA လို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည် တွေလည်း ပါဝင်နေကြောင်း၊ ဝတပ်ဖွဲ့တွေဟာ ခရစ်ယန်ဘုရားကျောင်းတွေကို ပိတ်ပင်ဖျက်ဆီးခြင်း ဘုန်းတော်ကြီးတွေ အပါအဝင် ခရစ်ယာန်တွေကို ဖမ်းဆီးခြင်းတွေ ပြုလုပ်ခဲ့ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးက စစ်ဆေးအရေးယူနိုင်ရေးအတွက် အမေရိကန်အစိုးရက ပါဝင်ထောက်ခံဖို့လည်း USCIRF က တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အဲဒီလို ICC က အရေးယူရေးကိစ္စမှာ လက်ရှိ သမ္မတ ထရမ့်အစိုးရက ဝင်ရောက်ထောက်ခံမယ့် အနေအထားတော့ သိပ်ပြီး မရှိပါဘူး။
အမေရိကန် လွတ်တော်နှစ်ရပ်နဲ့ ပါတီနှစ်ရပ်ပေါင်းက အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဲဒီ (USCIRF – United States Commission on International Religious Freedom) နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာအဖွဲ့ဟာ အစိုးရကိုထောက်ခံတင်ပြတဲ့ အဖွဲ့ဖြစ်ပြီး ပိတ်ဆို့မှုတွေကို အဖွဲ့ကိုယ်တိုင်ကတော့ ပြဌာန်းခွင့် မရှိပါဘူး။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို CPC ခေါ် ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ အဆင့် ၁ အဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံနဲ့ အတူ အဆင့် (၁) မှာ တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားနဲ့ ဗီယက်နမ်စတဲ့ နိုင်ငံတွေ ပါဝင်ပြီး အဆင့် (၂) မှာတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ လာအိုစတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။