၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ထပ်မံတရားစွဲဆို
2014.07.22

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုနဲ့ နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက ဒီကနေ့ ထပ်မံတရားစွဲ ဆိုလိုက်ပါတယ်။
ခရိုင်တရားရုံးက ထပ်မံတရားစွဲလိုက်တာနဲ့ ပတ်သက်ပြီး ဦးဆန်းဆင့်ရဲ့ ရှေ့နေ ဦးတင်ထွန်းက အခုလိုပြော ပါတယ်။
"၁၀၉ အမှု ရုပ်သိမ်းပြီးတော့ နောက်တစ်မှုနဲ့ ထပ်ပြီးခေါ်တယ်၊ ကျနော်တို့ကလည်း ချက်ချင်းပဲ ကိုယ်စားလှယ်လွှဲစာ ပါဝါဘာညာလုပ်တယ်၊ ရုံးက လည်းပေးပါတယ်၊ ဦးဆန်းဆင့် ဒီရှေ့နေတွေပဲ ငှားမလား၊ သူတို့ပဲငှားမယ် ကျနော်သဘောတူ တယ်ပြောတယ်၊ နောက်တစ်ခုက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က) အရ အစိုးရအဖွဲ့အစည်း နိုင်ငံတော်ကိုပေါ့ဗျာ၊ အကြည်ညှိပျက်အောင် လုပ်တယ်လို့ စွပ်စွဲချက်နဲ့ပါ
ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဖမ်းဆီးစဉ်က ပြစ်မှုပုဒ်မ ၄၀၉ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ ပုဒ်မ ၁၀၉ လှုံ့ဆော်ခြင်းကြောင့်ဖြစ်စေ ပူးပေါင်းကြံစည်ခြင်းကြောင့်ဖြစ်စေ အားပေးကူညီမှုတို့နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)က တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒီနေ့ ပုဒ်မ ၁၀၉ ကို ရုပ်သိမ်းလိုက်ပြီး ပုဒ်မ ၁၂၄ နိုင်ငံတော် အကြည်ညိုပျက်အောင်လုပ်ဆောင်မှုဆိုပြီး တရားစွဲလိုက်တာဖြစ်ပါတယ်။
ပုဒ်မ ၁၀၉ ကို ရုပ်သိမ်းလိုက်တာကြောင့် ဦးဆန်းဆင့်နဲ့အတူ ဖမ်းဆီးခံခဲ့ရသူ ၈ ဦးကို ဒီလ ၈ ရက်နေ့က လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ဦးဆန်းဆင့်ကို ပြီးခဲ့တဲ့ဇွန်လ ၁၈ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ရမည်းသင်းအကျဉ်းထောင်မှာ အကျဉ်းချထားပါတယ်။
ဒီနေ့ ရုံးထုတ်စစ်ဆေးရာမှာ မီဒီယာတွေနဲ့ တွေ့ဆုံခွင့်မပြုဘဲ အရပ်ဝတ်လုံခြုံရေးတပ်ဖွဲ့ဝင်အပြည့်နဲ့ တရားရုံးဂိတ်ပေါက်ဝမှာ လုံခြုံရေးချထားပါတယ်။
ဦးဆန်းဆင့်အမှုကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးတင်ထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။