NUG အစိုးရကို ထောက်ခံအားပေးဖို့ အမေရိကန်အမတ်တွေတိုက်တွန်း

အမေရိကန်ပြည်ထောင်စု ဒီမိုကရက်လွှတ်တော်အမတ် Ben Cardin၊ Jeff Merkley၊ ရီပါဘလစ်ကန် လွှတ်တော်အမတ် Todd Young၊ Susan Collins (ဝဲ မှ ယာ)။
အမေရိကန်ပြည်ထောင်စု ဒီမိုကရက်လွှတ်တော်အမတ် Ben Cardin၊ Jeff Merkley၊ ရီပါဘလစ်ကန် လွှတ်တော်အမတ် Todd Young၊ Susan Collins (ဝဲ မှ ယာ)။ (AFP)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီပံ့ပိုးပေးဖို့ အမေရိကန်အစိုးရကို အမေရိကန်လွှတ်တော်အမတ်တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ ဒီမိုကရက်လွှတ်တော်အမတ် Ben Cardin၊ Jeff Merkley နဲ့ ရီပါဘလစ်ကန် လွှတ်တော်အမတ် Todd Young နဲ့ Susan Collins တို့လေးဦး စုပေါင်းပြီး စစ်အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ Burma Act လို ဥပဒေတွေ ပြဋ္ဌာန်းပြီး မြန်မာပြည်သူတွေကို ကူညီပေးဖို့၊ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းထပ်တိုးချမှတ်ဖို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ပေါင်းပြီး မြန်မာ့အရေး ပိုတိုးလုပ်ဆောင်ဖို့နဲ့ တရားမျှတမှုနဲ့ စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိလာအောင် အမေရိကန်အစိုးရအနေနဲ့ လုံခြုံရေးကောင်စီမှာ ရထားတဲ့အခွင့်အာဏာကို အသုံးချဖို့လိုကြောင်းလည်း ထောက်ပြထားပါတယ်။

စစ်တပ်က ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲကိုမဆို အသိအမှတ်မပြုဘဲ ကန့်ကွက်ရှုတ်ချဖို့လည်း အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ မတရားဖမ်းဆီးထားသူတွေကို အမြန်ပြန်လွှတ်ပေးပြီး၊ ပြည်သူလူထုရွေးကောက်ခံ အစိုးရဆီ အမြန်ဆုံး အာဏာပြန်လွှဲပေးဖို့ကိုလည်း အမေရိကန်အမတ်တွေက တောင်းဆိုပါတယ်။