ရခိုင်ပြည်သူတွေအရေး ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ စုရုံးဆန္ဒပြ


2016.04.30
us-rakhine-protest-620.jpg အမေရိကန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဧပြီ ၃ဝ ရက်နေ့က ဆန္ဒပြစဉ်
Photo:Arakan State (Facebook)

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာနေရတဲ့ကိစ္စ အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ရေး နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းပေး ဖို့ အမေရိကန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေက နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဧပြီ ၃ဝ ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

အဓိကအနေနဲ့ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပြီး ပြည်သူတွေအေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ဒီပွဲမှာပါဝင်တဲ့ ကိုနီမခိုင် က ပြောပါတယ်။

"အဓိက ကျနော်တို့ ရခိုင်ပြည်နယ်မှာ လက်ရှိပေါ့နော် စစ်တပ်ကနေပြီး ပေါ်တာဆွဲတာတို့ ပြီးတော့ ပြည်သူလူထုကို မတရားသတ်ဖြတ်တာတွေပေါ့နော်၊ အဲ့ဒါတွေ ရပ်တန့်ရအောင်ဆိုပြီးတော့ ဒီကုလသမဂ္ဂရုံးရှေ့မှာ လာပြီးဆန္ဒပြတာဖြစ်ပါတယ်၊ အစိုးရသစ်လက်ထက်မှာ ဒီလိုမျိုးတွေဖြစ်နေ တယ်ဆိုတာ တကယ့်ဒီမိုကရေစီအစစ်လားဆိုတာ တကမ္ဘာလုံးကသိအောင် ကျနော်တို့က ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်"

ဒီဆန္ဒပြပွဲကို နယူးယောက်နဲ့ အင်ဒီးယားနားပြည်နယ်ရောက် ရခိုင်တိုင်းရင်းသားတွေနဲ့ ကရင်တိုင်းရင်းသားတွေ စုစုပေါင်း၈၀ ခန့်ပါဝင်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ ရခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဧပြီလလယ်ပိုင်းကစလို့ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေမှာ ထွက်ပြေးခိုလှုံနေကြရတဲ့ ဒုက္ခသည်အရေအတွက် ၁၁ဝဝ လောက်ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံးက ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုနီမခိုင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။