ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို
2012.05.01

Photo Courtesy of the U.S. Department of State
မနေ့ က ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Mr. Mark Toner က -
NLD နဲ့ အစိုးရတို့ဟာ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အတူတကွ ဆက်လက် ဆောင်ရွက်သွားကြလိမ့်မယ်လို့ မျှော်လင့်နိုင်တဲ့ လက္ခဏာတစ်ရပ် အဖြစ် မိမိတို့ရှုမြင်နိုင်တယ်လို့ ယူဆပါတယ်၊ အသစ်ရွေးကောက် တင်မြှောက်ခံရတဲ့လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ ရှိနေတာ တွေ့ချင်ပါတယ်၊ အစိုးရနဲ့အတူ လက်တွဲ တည်ဆောက်နေကြတာကို မြင်ချင်ပါတယ်၊ တိုးတက်မှုတွေ ဆက်လက် ပေါ်ပေါက်နေတာကို တွေ့မြင်ချင်ပါတယ် လို့ Mr. Mark Toner က ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ခန့်အပ်မယ့် ကိစ္စ မသိရသေးကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်တွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ် ဆိုတာ ခန့်မှန်းလို့ ရပါကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် Mr. Mark Toner က ဆိုပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဥရောပသမဂ္ဂ မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊ အခုအခါ NLD ဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်ကြောင်း မနေ့က ကျင်းပတဲ့ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
သူက မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ တွေ့ခဲ့ရပါတယ်၊ ဒါပေမဲ့ ရှေ့ဆက် ဆောင်ရွက်ရမှာတွေ ကလည်း အများကြီး ရှိပါတယ်၊ မိမိတို့ အမြင်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာတာဟာ အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။