စစ်တပ်နဲ့ဆက်စပ်တဲ့ မြန်မာနိုင်ငံသား သုံးဦးနဲ့ ကုမ္ပဏီ တစ်ခုကို အမေရိကန် ထပ်မံအရေးယူ

2022.10.06
စစ်တပ်နဲ့ဆက်စပ်တဲ့ မြန်မာနိုင်ငံသား သုံးဦးနဲ့ ကုမ္ပဏီ တစ်ခုကို အမေရိကန် ထပ်မံအရေးယူ ၂ဝ၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် ကိုးကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ(MCIS-2021)ကို တက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

အမေရိကန် ဘဏ္ဍာရေးဌာနက အမေရိကန် အစိုးရရဲ့ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ မြန်မာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံသား သုံးဦးနဲ့ ကုမ္ပဏီ တစ်ခုကို အသစ်ထပ်ပြီး ထည့်သွင်းလိုက်ကြောင်း အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိတဲ့ DYNASTY INTERNATIONAL ကုမ္ပဏီလီမိတက်နဲ့အတူ ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးမြင့်၊ ကုမ္ပဏီ ဒါရိုက်တာတွေဖြစ်တဲ့ ဦးလှိုင်မိုးမြင့်၊ ဒေါ်သစ္စာမျိုး တို့ကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမယ့် စာရင်းထဲမှာ အသစ်ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒီလူ ပုဂ္ဂိုလ်သုံးဦးနဲ့ DYNASTY INTERNATIONAL ကုမ္ပဏီလီမိတက်တို့ဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူဖို့ ဝန်ဆောင်မှုပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က စစ်တပ်က အာဏာသိမ်းရာမှာ ပါဝင်ကူညီခဲ့တဲ့ အတွက် အခုလိုထည့်သွင်းလိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်တပ်ဆင်ဖို့ အကူအညီပေးနေတဲ့ကွန်ရက်မှာ ပါဝင်နေသူတွေနဲ့ စစ်ရေးတိုက်ခိုက်မှုတွေကနေ အကျိုးအမြတ်ရနေတဲ့သူတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထည့်သွင်းလိုက်တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးသတင်း အချက်အလက်ဆိုင်ရာ အတွင်းဝန် ဘရိုင်ယန်နယ်လဆင်က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနအနေနဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နိုင်တဲ့ အခြေအနေမရှိတော့အောင် ဆက်ပြီးကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ဘရိုင်ယန်နယ်လဆင်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကလည်း ရွေးကောက်ခံ ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဖြစ်တဲ့ ကိုဂျင်မီ၊ ဦးဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ကွပ်မျက်ခဲ့တာ၊ အနည်းဆုံး ကလေး ၁၁ ဦး သေဆုံးခဲ့ရတဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်နေတဲ့ မြန်မာစစ်တပ်ရဲ့ ဆောင်ရွက်မှုတွေကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ဒီလိုဆုံးဖြတ်သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ အောက်တိုဘာလ ၆ ရက်နေ့မှာထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီပိတ်ဆို့အရေးယူမှုဟာ ရုရှား၊ ဘယ်လာရုစ်တို့နဲ့ မြန်မာစစ်တပ်ရဲ့ ရှည်ကြာတဲ့ဆက်ဆံရေးကို ထိခိုက်စေမှာ ဖြစ်ပြီး ရုရှားရဲ့ ယူကရိန်းအပေါ် ဥပဒေမဲ့ကျူးကျော်မှုကို ထောက်ခံပံ့ပိုးတဲ့ မြန်မာအပါအဝင် နိုင်ငံတိုင်းက အာဏာပိုင်တွေနဲ့ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ပံ့ပိုးကူညီနေတဲ့ ရုရှားနှင့် ဘယ်လာရုစ်တို့ကိုလည်း ဆက်လက်ပြီး ပစ်မှတ်ထားပိတ်ဆို့အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။