အမေရိကန် ပြန်ကြားရေးဌာနသစ် ၂၀၁၆ မှာ ဖွင့်မည်
2014.11.24
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ OBO ခေါ် ပြည်ပအဆောက်အအုံများ ဆောင်ရွက်ရေးဌာနက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ American Center ခေါ် အမေရိကန်ပြန်ကြားရေးဌာန အဆောက်အဦးသစ် တည်ဆောက်ရေး အတွက် ဗာဂျီးနီးယားပြည်နယ်၊ စပရင်းဖီးလ်မြို့အခြေစိုက် Enviro-Management & Research ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့ အမေရိကန်ပြန်ကြားရေးဌာနအနေနဲ့ နှစ်နိုင်ငံကြား ပြည်သူချင်းဆက်သွယ်ရေး တည်ဆောက်မှု၊ အမေရိကန်ပြည်သူတွေထားရှိတဲ့ တန်ဖိုးများမြှင့်တင်မှုလုပ်ငန်းတွေကို နှစ်ပေါင်းများစွာဆောင်ရွက်လာခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်တွေအတွင်းဌာနအနေနဲ့ စာကြည့်တိုက်နဲ့ သင်တန်းတွေကတဆင့် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို ဒီမိုကရေစီ အခြေခံတရားတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေနဲ့ ပတ်သက်ပြီး လေ့လာနိုင်ခွင့်တွေ ပံ့ပိုးပေးခဲ့တဲ့အပြင်၊ ဒီမိုကရေစီရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေအတွက်လည်း ပညာပေးသင်တန်းတွေ စီစဉ်ပေးခဲ့ကြောင်း၊ ဒါ့ပြင် အင်္ဂလိပ်စာသင်တန်း အမျိုးမျိုးဖွင့်လှစ်ပေးခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး၊ လူမှုအဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုတွေအကြောင်း သိရှိအောင်ဆောင်ရွက်ပေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
အခုတည်ဆောက်ဖွင့်လှစ်မယ့် အမေရိကန်ပြန်ကြားရေးဌာနသစ်ဟာလည်း အဲဒီ့လုပ်ငန်းတွေကို ဆက်လက်ဆောင် ရွက်သွားမှာဖြစ်တဲ့အပြင်၊ မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ ပါဝင်နေကြသူတွေကို ခေတ်မီ နည်းလမ်းတွေနဲ့ ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ရှင်သန်အားကောင်းရေးတွေအပါအဝင် မြန်မာ့အသွင်ကူးပြောင်းရေးအတွက် အဓိကအရေးကြီးတဲ့ အစီအစဉ်တွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
အမေရိကန်ပြန်ကြားရေးဌာနသစ်ကို ၂ဝ၁၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်။