ရွေးကောက်ပွဲကော်မရှင်နဲ့ သတ္တုတွင်းလုပ်ငန်းအပြင် လေတပ်ဦးစီးချုပ်တို့ကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့အရေးယူ

RFA Burmese
2023.01.31
ရွေးကောက်ပွဲကော်မရှင်နဲ့ သတ္တုတွင်းလုပ်ငန်းအပြင် လေတပ်ဦးစီးချုပ်တို့ကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့အရေးယူ အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသူများထဲမှ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဦးလှဆွေ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး (ဝဲ မှ ယာ)။
RFA

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ စစ်ကောင်စီအဓိက ဝင်ငွေရနေတဲ့ ရေနံနဲ့ သတ္တုတွင်းလုပ်ငန်း တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ သတ္တုတွင်းလုပ်ငန်း(၁) နဲ့ (၂)၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မင်းနဲ့ လက်ထောက် မန်နေဂျင်းဒါရိုက်တာဦးသန်းမင်း၊ စစ်ကောင်စီစွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးတို့ကို အမေရိကန် အစိုးရရဲ့ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထည့်ထားပါတယ်။

အရပ်သားပြည်သူတွေကို လေကြောင်းသုံးတိုက်ခိုက်နေမှုတွေအတွက် တာဝန်ရှိတဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဗိုလ်ချုပ်ဟောင်း ဦးလှဆွေ ခေါ် ဘူးလက်လှဆွေ နဲ့ ဦးတေဇသမီးဖြစ်သူ ထူးထွေးတေဇတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ ထည့်ထားပါတယ်။

ဒီနှစ်နှစ်တာကာလအတွင်း စစ်တပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အကြမ်းဖက်ဖိနှိပ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအပြင် အရပ်သားတွေအပေါ် ရုရှားရဲ့အကူအညီနဲ့ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လုပ်နိုင်အောင် ငွေကြေးနဲ့ အထောက်အပံ့တွေ ပံ့ပိုးနေသူတွေကို ပစ်မှတ်ထားအရေးယူတာတွေ ဆက်လုပ်သွားမယ်လို့ အကြမ်းဖက်မှုနဲ့ ငွေကြေးထောက်လှမ်းရေးဆိုင်ရာ အမေရိကန် ဒု-ဘဏ္ဍာရေးဝန်ကြီး ဘရိုင်ယန် နယ်လ်ဆင် (Brian Nelson) က ပြောပါတယ်။

တချိန်တည်းမှာပဲ ဩစတြေးလျအစိုးရကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်တပ်နဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ် ၁၆ ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကြေညာလိုက်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)တို့ကိုလည်း ပိတ်ဆို့အရေးယူတဲ့စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း နှစ်နှစ်တိတိပြည့်ချိန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဩစတြေးလျအစိုးရတို့က ဒဏ်ခတ်ပိတ်ဆို့ စာရင်းတွေ ထပ်မံကြေညာတာဖြစ်ပါတယ်။

ဥရောပသမဂ္ဂ EU ကတော့ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအဖွဲ့အပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။