အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကတဆင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေး အကူအညီ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
အမေရိကန်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ ရွှေတံဆိပ်ဆုကို ဗုဒ္ဓဟူးနေ့က အပ်နှင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ ဘဏ္ဍာရေး အကူအညီ တားဆီး ကန့်သတ်ထားမှု ဖြေလျှော့ပေးရေး အစီအစဉ်ကို အောက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေ မူကြမ်းကို ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုရဦးမှာပါ။
လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံအပေါ် ငွေကြေးချေးငှားမှုကို ဥပဒေအရ အမေရိကန်အစိုးရက ဗီတိုအာဏာနဲ့ ပယ်ချဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ငွေချေးခွင့် မရသေးခင်အတွင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးဘဏ်တွေအပေါ် တင်ရှိနေတဲ့ ကြွေးမြီတွေကို မြန်မာနိုင်ငံက အကျေအလည် ပြန်ဆပ်ရဦးမှာ ဖြစ်ပါတယ်။