ဒေါ်လာ ၂၇၀၀ ကျပ်နဲ့ ရွှေစျေး ၂၂ သိန်းကျော်အထိ စံချိန်တင်မြင့်တက်
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာလ ၂၈ ရက် ဒီကနေ့မှာတော့ ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀ အထိ စံချိန်တင် မြင့်တက်သွားပါတယ်။
ပြင်ပစျေးကွက်မှာ တစ်ဒေါ်လာ ၃၀၀၀ ကျပ်နီးပါးထိတောင်ဖြစ်နေတာတွေရှိတယ်လို့ ဒေါ်လာနဲ့ လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၈ ရက် ဒီကနေ့အတွက် ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ်လာ ၁၇၅၅ ကျပ် သတ်မှတ် ထားပေမယ့် ပြင်ပအရောင်းအဝယ်စျေးကွက်မှာတော့ စံချိန်တင်မြင့်တက်နေတာဖြစ်ပါတယ်။
အလားတူ မြန်မာ့အခေါက်ရွှေစျေးကလည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းစာရင်းအရ ဒီကနေ့မှာ စံချိန်တင် ၂၂၂၀၀၀၀ အထိ မြင့်တက်သွားပါတယ်။
ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ KBZ ဘဏ်မှာ ဒီကနေ့ဒေါ်လာစျေး ၁၉၅၀ ကျပ်ဖြစ်ပြီး AYA ဘဏ်က တစ်ဒေါ်လာ ကို ၁၉၄၀ ကျပ် ပေါက်စျေးရှိနေပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်းလာတာဖြစ်ပါတယ်။
ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ဆက်တိုက်ထုတ် ရောင်းနေပြီး စက်တင်ဘာလ ၂၇ ရက်မနေ့ကလည်း ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချပေးခဲ့ပေမယ့် စျေးပြန်မကျပါဘူး။