သံတွဲ အကြမ်းဖက်မှု အမေရိကန် ရှုံ့ချ

ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရံှု့ချကြောင်းနဲ့ ဒီဖြစ်ရပ်တွေကို မြန်မာအစိုးရအနေနဲ့ တိတိကျကျ စုံစမ်းစစ်ဆေးပြီး အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ အမေရိကန်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အမေရိကန်သံရုံးအနေနဲ့ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ ဒေသခံပြည်သူတွေရဲ့ အိုးအိမ်တွေ အကြမ်းဖက်ခံရတာကို ကာကွယ်ပေးဖို့အတွက် အာဏာပိုင်တွေအနေနဲ့ တိကျပြတ်သားစွာ ဆောင်ရွက်ဖို့လိုအပ်ကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းပြောဆိုလိုက်တာပါ။

ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ ဒီတင်းမာမှုတွေ ရပ်တန့်စေဖို့နဲ့ နိုင်ငံတွင်းက မတူကွဲပြားတဲ့လူမျိုးတွေကြား အပြန်အလှန်နားလည်ခြင်း လေးစားခြင်းနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြန်မာအစိုးရ၊ ဘာသာရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းခေါင်းတွေ အပါအဝင် နိုင်ငံတဝှမ်းလုံးက အကြမ်းဖက်မှုမလိုလားတဲ့ ပြည်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။