မြန်မာနဲ့ ဂမ်ဘီယာအမှုအတွက် Facebook မှတ်တမ်းတွေ ထုတ်ပြန်ဖို့ အမေရိကန်တရားရုံး အမိန့်ချ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်အောင် လူမှုကွန်ရက်က တဆင့် မီးထိုးလှုံ့ဆော်ခဲ့တဲ့ အထောက်အထား သက်သေခံမှတ်တမ်းတွေကို Facebook ကုမ္ပဏီက ဂမ်ဘီယာ နိုင်ငံကို ထုတ်ပြန်ပေးဖို့ အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာအာဏာပိုင်တွေ ကျူးလွန်ခဲ့တဲ့အမှုတွေနဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာတရားရုံး မှာ Facebook မှတ်တမ်းတွေကို သက်သေအထောက်အထားအဖြစ် တင်ပြနိုင်ဖို့အတွက် ဂမ်ဘီယာက လျှောက်ထားတဲ့အမှုကို ဝါရှင်တန်ဒီစီ ခရိုင်တရားသူကြီး ဇီယာ ဖာရွတ်ကီက စက်တင်ဘာ ၂၃ ရက်နေ့မှာ အခုလို ဆုံးဖြတ်လိုက်တာပါ။
မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးမုန်းတီးမှု ဖြစ်ပွားအောင် အစီအစဉ်တကျ လှုံ့ဆော် ရာမှာ Facebook လူမှုကွန်ရက်ကို အသုံးချခဲ့တယ်ဆိုတာ စုံစမ်းတွေ့ရှိရကြောင်း Facebook ကုမ္ပဏီက ဝန်ခံ ထားပေမယ့်၊ ဘယ်အတိုင်းအတာအထိ အသုံးချခဲ့သလဲ၊ မြန်မာအစိုးရ အရာရှိတွေနဲ့ ဘယ်လို ပတ်သက် ဆက်နွယ်နေသလဲဆိုတဲ့ အထောက်အထားမှတ်တမ်းတွေကို ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ တရားသူကြီးက ဆုံးဖြတ်ပါတယ်။
အမေရိကန်အခြေစိုက် Facebook ကုမ္ပဏီဟာ "Stored Communications Act" လို့ခေါ်တဲ့ အင်တာနက် ကွန်ရက် ဝန်ဆောင်မှုပေးသူတွေ လိုက်နာရမယ့် ဥပဒေကို ထောက်ပြပြီး ဒီမှတ်တမ်းတွေကို ထုတ်ပြန်ပေးဖို့ ငြင်းဆိုနေတာပါ။ မြန်မာနိုင်ငံမှာ လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုတွေ ထပ်မဖြစ်ဖို့အတွက် ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်စပ်နေတဲ့ အကောင့်အတော် များများကို Facebook ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှာ ဖယ်ရှားခဲ့ပါတယ်။
တရားသူကြီးကတော့… Facebook က ဖြုတ်ချထားတဲ့ သက်သေခံ အထောက်အထားတွေကို အဲဒီဥပဒေနဲ့ ဖုံးကွယ်လို့မရကြောင်း ပြောဆိုပါတယ်။ Facebook ကုမ္ပဏီဟာ လူမျိုးတုံးသတ်ဖြတ်မှု လှုံ့ဆော်တဲ့အကြောင်း အရာတွေကို ဖျက်လိုက်ပေမယ့် အထောက်အထားတွေကို ထုတ်ပြန်ဖို့ကိစ္စမှာတော့ တွန့်ဆုတ်နေကြောင်း၊ အကျိတ်ခွဲစိတ်တဲ့ ဆရာဝန်ဟာ ခွဲစိတ်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ရုံသာ မဟုတ်ဘဲ ရောဂါဖြစ်ရတဲ့အကြောင်း ရင်းကို ရှာဖွေရကြောင်း၊ ဒီမှတ်တမ်းတွေကို ထုတ်ပြန်မပေးရင် သတင်းအမှားတွေကြောင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်လာပုံကို နားလည်နိုင်ဖို့ အခွင့်အလမ်းဆုံးရှုံးပြီး၊ ICJ တရားစီရင်မှုမှာ အဟန့်အတား ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
ICJ အမှုမှာ ဂမ်ဘီယာဘက်ကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဝါရှင်တန်အခြေစိုက် ရှေ့နေ Paul Reichler က တရားသူကြီးရဲ့ စီရင်ချက်ကို ချီးကျူးလိုက်ပါတယ်။ ဂမ်ဘီယာကို မှတ်တမ်းတွေပေးအပ်ဖို့ အမိန့်ချမှတ်လိုက် အတွက် Facebook ကုမ္ပဏီအနေနဲ့ အထက်တရားရုံးကို အယူခံဝင်ခွင့် ရှိပေမယ့် ဘာမှအကြောင်းထူးလာမယ် မထင်ကြောင်းလည်း ရှေ့နေ Paul Reichler က BenarNews သတင်းဌာနကို ပြောပါတယ်။