စစ်ကောင်စီကို အရေးယူမယ့် Burma Bill ဥပဒေကြမ်း ထောက်ခံမှုရဖို့ အမေရိကန်ရောက်မြန်မာတွေ ကြိုးပမ်း
2021.08.12
အမေရိကန်အထက်လွှတ်တော် ကြားနာစစ်ဆေးမှုအတွင်းမှာ မေရီလန်းပြည်နယ် ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ဘင်ကာဒင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒက ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းပြောကြားခဲ့ ပါတယ်။ အခုအချိန်မှာတော့ အထက်လွှတ်တော်အမတ် ဘင်ကာဒင်ဟာ စစ်တပ်က အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ဥပဒေတစ်ရပ်ကို အမေရိကန် လွှတ်တော်နှစ်ရပ်လုံးမှာ တင်သွင်းဖို့ ကြိုးပမ်းနေပါတယ်။
အခုအချိန်မှာ ထူးခြားချက်ကတော့ Burma Bill လို့ ခေါ်တဲ့ ဒီဥပဒေမူကြမ်းကို ထောက်ခံမှုရဖို့အတွက် အမေရိကန်နိုင်ငံရောက် မြန်မာတွေ အားတက်သရော ပါဝင်ကြိုးပမ်းနေကြတာပဲဖြစ်ပါတယ်။
"အထက်လွှတ်တော် အမတ် ဘင်ကာဆင်ရဲ့ရုံးခန်းကိုလည်း အခြားပြည်နယ်က အမတ်တွေက ဆက်သွယ်လာပြီး ဒီဥပဒေကြမ်း အတည်ပြုနိုင်ဖို့ သူတို့ဘာကူညီရမလဲဆိုတာမျိုး ပြောဆိုလာတဲ့အကြောင်း သိရပါတယ်"
ဒီ Burma Bill ဥပဒေကို ထောက်ခံမှုရအောင် အမေရိကန်ရောက် မြန်မာတွေ အကြားမှာ စည်းရုံးလှုံ့ဆော် နေတဲ့ မြန်မာလူငယ် တစ်ဦးဖြစ်တဲ့ Terence Htoo က… ဒီဥပဒေကြမ်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရဖို့ လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသဖို့၊ မြန်မာ စစ်တပ်အတွက် ဝင်ငွေရှာဖွေပေးနေတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန MOGE နဲ့ တခြားလုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူဖို့၊ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေ နယ်စပ်ဖြတ်ကျော်ပြီး ပေးသွားဖို့နဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်ပေးအရေးယူဖို့ စတဲ့ အချက်လေးချက် အဓိက ပါဝင်ပြီး၊ အမေရိကန်ရောက် မြန်မာတွေရဲ့ လိုလားချက်တစ်ခုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်ထောက်ခံဖို့ အချက်ကိုတော့ ချန်လှပ်ထားခဲ့တယ်လို့ ပြောသွားပါတယ်။
အမေရိကန်ရောက် မြန်မာလူငယ်တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူ အမေရိကန်လူမျိုးအချို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ US Advocacy Coalition for Myanmar အဖွဲ့ဟာ အမေရိကန်ရောက် မြန်မာတွေအနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာပြည်နယ်တွေက အမတ်တွေကို ဆက်သွယ်ပြီး၊ ဒီ Burma Bill ဥပဒေမူကြမ်းကို ထောက်ခံပေးဖို့ တောင်းဆိုကြဖို့ လှုံ့ဆော်နေပြီး၊ သက်ဆိုင်ရာအမတ်တွေကို ဆက်သွယ် ပြောဆိုဖို့အတွက်လည်း သင်တန်းတွေ ပို့ချပေးနေတာ ဖြစ်ပါတယ်။

US Advocacy Coalition for Myanmar အဖွဲ့က အမေရိကန်လူမျိုး မြန်မာ့အရေးလှုပ်ရှားသူ မိုက်ကယ် ဟတ်က် က Burma Bill ဥပဒေကြမ်း ထောက်ခံမှုရဖို့ အမေရိကန်ရောက် မြန်မာတွေအကြား စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်ရာမှာ အောင်မြင်နေတဲ့အကြောင်း အခုလို ပြောပါတယ်။
“အခုဆိုရင် အမေရိကန် နိုင်ငံတစ်ဝန်းက မြန်မာလူမျိုးတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာအမတ်တွေကို ဖုန်းခေါ်ပြီး Burma Bill ဥပဒေကြမ်းကို ထောက်ခံဖို့ တိုက်တွန်းနေကြပါတယ်။ အစပိုင်းမှာ သက်ဆိုင်ရာအမတ်တွေကို ဘယ်လို သွားရောက်တွေ့ဆုံမလဲ၊ ကိုယ်ပါဝင်တဲ့ လှုပ်ရှားမှုအတွက် ဘယ်လိုတောင်းဆိုမလဲ ဆိုတာတွေကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ သူတို့ဟာ တကယ်ပဲ သင်လွယ် တတ်လွယ်ကြပါတယ်။ အခုဆိုရင် မေရီလန်း အထက်လွှတ်တော်အမတ် ဘင်ကာဒင် ရဲ့ Burma Bill ဥပဒေကြမ်းကို ပူးတွဲ ထောက်ခံကြဖို့ ကတိပြုထားတဲ့ အမတ်ငါးယောက် ခြောက်ယောက်လောက် ရှိနေပါပြီ။ ဒီအထဲမှာ ရီပတ်ဘလစ်ကန် နဲ့ ဒီမိုကရက် ပါတီ နှစ်မျိုးလုံးက အမတ်တွေ ပါဝင်ပါတယ်။ ဒါက ထူးခြားပါတယ်။ ဒါ့အပြင် အထက်လွှတ်တော် အမတ် ဘင်ကာဆင်ရဲ့ရုံးခန်းကိုလည်း အခြားပြည်နယ်က အမတ်တွေက ဆက်သွယ်လာပြီး ဒီဥပဒေကြမ်း အတည်ပြုနိုင်ဖို့ သူတို့ဘာကူညီရမလဲဆိုတာမျိုး ပြောဆိုလာတဲ့အကြောင်း သိရပါတယ်။ ဒါက အမေရိကန် ပြည်နယ် အသီးသီးက မြန်မာတွေက သူတို့ရဲ့ သက်ဆိုင်ရာ အမတ်တွေကို ဆက်သွယ်ပြောဆိုခဲ့တဲ့အတွက် ဖြစ်လာတာပါ။”

အခုအချိန်မှာ မြန်မာလူမျိုး အတော်များများရှိနေတဲ့ မေရီလန်းပြည်နယ်က ဘင်ကာဒင်ဟာ ဒီ Burma Bill ဥပဒေကို ထောက်ခံမှုရဖို့ ကြိုးစားနေတဲ့အပြင်၊ ဒီမိုကရက် ပါတီဘက်မှာ ဆိုရင် ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Tim Kaine, ကယ်လီဖိုးနီးယား ပြည်နယ် အထက်လွှတ်တော် အမတ် Dianne Feinstein, နီဗားဒါး ပြည်နယ် အထက်လွှတ်တော်အမတ် Jacky Rosen, အော်ရီဂွန် ပြည်နယ် အထက်လွှတ်တော် အမတ် Jeff Merkley နဲ့ ရီပတ်ဘလစ်ကန် ပါတီဘက်မှာ ဆိုရင် ဖလော်ရီဒါ ပြည်နယ်က အထက်လွှတ်တော် အမတ် မာကို ရူဘီယိုတို့ဟာ ဒီဥပဒေကြမ်းကို co-sponsor အဖြစ် ပူးတွဲတင်သွင်းဖို့ သဘောတူထားကြောင်းလည်း သိရပါတယ်။
အမေရိကန်ရောက် မြန်မာတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ရှိနေတဲ့အတွက် ရထားတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေ၊ မူဝါဒတွေ ချမှတ်ရာမှာ ပါဝင်နိုင်ဖို့ ကြိုးစားသင့်တယ်လို့လည်း Terence Htoo က ပြောပါတယ်။
မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် ဘင်ကာဒင်ဟာ ဒီ Burma Bill ဥပဒေကြမ်းကို လာမယ့် စက်တင်ဘာလဆန်းမှာ လွှတ်တော်မှာ တင်သွင်းဖို့ ရည်မှန်းထားကြောင်းလည်း သိရပါတယ်။