ပိတ်ဆို့မှုတွေ ဖြည်လျှော့ရေး အမေရိကန် ဆီးနိတ်မှာ တင်ပြ

အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell ကို တွေ့ရစဉ်
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell ကို တွေ့ရစဉ် (Photo: thinkprogress.org)

မြန်မာနိုင်ငံမှာ လက်ရှိအာဏာရအစိုးရက ရွေးကောက်ပွဲရလဒ်တွေကို လေးစားလိုက်နာပြီး အေးအေးချမ်းချမ်း အာဏာလွှဲပြောင်းပေးမယ်ဆိုရင် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပိုမိုဖြည်လျှော့ပေးဖို့ Republican ပါတီဝင် အထက်လွှတ်တော်အမတ် နှစ်ဦးက တိုက်တွန်းလိုက်ကြပါတယ်။

အခုလ ၈ ရက်နေ့က အောင်အောင်မြင်မြင် ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲအတွက် ချီးကျူးဂုဏ်ပြုတဲ့ အဆိုပြုလွှာကို အထက်လွှတ်တော်အမတ် Mitch McConnell နဲ့ အထက်လွှတ်တော်အမတ် John McCain တို့က မနေ့က တင်သွင်းခဲ့ကြပါတယ်။

အဲ့ဒီအဆိုပြုလွှာမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ဆန္ဒမဲပေးခွင့် မပြုခဲ့တာကလွဲရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်တာ တွေ့ခဲ့ကြရကြောင်း၊ စနစ်တကျ မြန်မြန်ဆန်ဆန် အာဏာလွဲှပြောင်းနိုင် ခဲ့ရင် နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေးအတွက် အရှိန်တိုးမြှင့် ကြိုးပမ်းသွားဖို့ အားပေးကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒချမှတ်ရာမှာ Mr McConnell ဟာ အရေးပါတဲ့အထက်လွှတ်တော် ကိုယ်စားလှယ် ဖြစ် ပါတယ်။