MOGE အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ ထပ်တိုးအရေးယူ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.10.31
MOGE အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ ထပ်တိုးအရေးယူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူရန် တိုကျိုမြို့ရောက် မြန်မာနိုင်ငံသားများက အမေရိကန်အစိုးရအား ဆန္ဒပြတောင်းဆိုကြစဉ်။
AFP

အမေရိကန်ပြည်ထောင်စုဟာ လာမဲ့ ဒီဇင်ဘာလ ၁၅ ရက်က စပြီး အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေ မပေးဖို့ တားမြစ်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်ချမှတ်တဲ့အကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးအဖွဲ့ OFAC က မနေ့က အောက်တိုဘာလ ၃၁ ရက်နေ့က ကြေညာလိုက်ပါတယ်။

"အခုလိုချမှတ်လိုက်တာကို ဝမ်းသာတယ်။ ကျေးဇူးတင်တယ်။ ကြိုဆိုတယ်။ ဒါက အမေရိကန်အစိုးရကနေ နွေဦးတော်လှန်ရေးကို ဘယ်လောက်အထိ အားစိုက်လာတယ်ဆိုတာ ပြသနေတယ်"

ဒီပိတ်ဆို့ အရေးယူမှုအသစ်ထဲမှာ MOGE အတွက် ဘဏ်စာရင်းဖွင့်လှစ်တာ၊ ချေးငွေ ထုတ်ချေးတာ၊ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြားဝန်ဆောင်မှုတွေ ပေးတာတွေကို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

“MOGE ဟာ မြန်မာနိုင်ငံမှာ ဝင်ငွေအကောင်းဆုံး နိုင်ငံပိုင်လုပ်ငန်းဖြစ်တာနဲ့ အညီ မြန်မာစစ်တပ်အတွက် နှစ်တိုင်း ဒေါ်လာသန်းရာပေါင်းများစွာ ရှာပေးနေပြီး မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြည်ပက စစ်လက်နက်နဲ့ စက်ပစ္စည်းတွေ ဝယ်ယူနိုင်စေပါတယ်။ အခုလို MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေ မပေးဖို့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ခြင်းအားဖြင့် မြန်မာစစ်တပ်က အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို အသုံးမပြုနိုင်တော့ဘဲ စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ ကျူးလွန်နိုင်စွမ်း မရှိတော့အောင် ရည်ရွယ်ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရဟာ မြန်မာစစ်တပ်ကို ဗြိတိန်၊ ကနေဒါတို့ နဲ့အတူ ပိတ်ဆို့အရေးယူမှုတွေ ပူးပေါင်းချမှတ်တဲ့အနေနဲ့ မြန်မာစစ်တပ်နဲ့ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ် ငါးဦး နဲ့ မြန်မာစစ်တပ်အတွက် ရုရှားနဲ့ အခြားနိုင်ငံတွေကနေ လက်နက်နဲ့ လက်နက်အဖြစ်သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူတင်သွင်းဖို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်း သုံးခုတို့ကိုလည်း အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။

အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်တဲ့ လူပုဂ္ဂိုလ် ငါးဦးကတော့ .... စစ်ကောင်စီရဲ့စက်မှုဝန်ကြီး ဦးချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါ်ဆွေဆွေအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်မင်းနဲ့ မြန်မာစစ်တပ်ရဲ့ ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှုး ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ ဖြစ်ပြီး အဖွဲ့အစည်းနှစ်ခုကတော့ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူ၊ တင်သွင်းမှုနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ Sky Royal Hero Company Limited၊ Suntac Technologies နဲ့ Suntac International Trading ကုမ္ပဏီတို့ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက MOGE အတွက် အကျိုးရှိစေမဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုအားလုံးကို တားမြစ်လိုက်တာနဲ့ ကနေဒါနိုင်ငံက မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းမှုတွေအတွက် အာမခံမပေးဖို့ တားမြစ်မှုတွေကို ဟန်ချက်ညီညီ ကြေညာလိုက်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုခံနေရတဲ့ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့ အားပေးထောက်ခံမှုဖြစ်ကြောင်းနဲ့ ဒီပိတ်ဆို့အရေးယူမှုတွေကို ချက်ချင်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချာလီသန်း၊ ဥပဒေရေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်၊ စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး။ (ဝဲ မှ ယာ)
စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချာလီသန်း၊ ဥပဒေရေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်၊ စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး။ (ဝဲ မှ ယာ)

အခုလို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တာ အရေးကြီးတဲ့ ရှေ့ခြေလှမ်းတစ်လှမ်း ဖြစ်တယ်လို့ တွမ်အင်ဒရူး က RFA ကို ပြောပါတယ်။

“ဒီနေ့ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အလွန်အရေးကြီးတဲ့ ရှေ့ခြေလှမ်းတွေ ဖြစ်ပါတယ်။ MOGE ကို ပိတ်ဆို့အရေးယူမှုချမှတ်တဲ့ နေရာမှာ အမေရိကန်တစ်နိုင်ငံတည်းက မဟုတ်ဘဲ သုံးနိုင်ငံ ပူးပေါင်းတိုင်ပင် ပြီး ဟန်ချက်ညီတဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။ MOGE က ရတဲ့ ဝင်ငွေဟာ မြန်မာစစ်တပ်အတွက် အကြီးမားဆုံး ဝင်ငွေအရင်းအမြစ် ဖြစ်ပါတယ်။ ကနေဒါနိုင်ငံကနေ မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီတွေ တင်ပို့တဲ့ နေရာမှာ လိုအပ်တဲ့ အာမခံဝန်ဆောင်မှုတွေကို တားမြစ်လိုက်တာကလဲ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာနိုင်ငံအတွက် မှန်ကန်တဲ့ လားရာကို ရှေ့ဆက်တိုးလိုက်တဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ မကြာခင် နောက်ထပ်ခြေလှမ်းတွေ ထပ်လှမ်းတာကိုလဲ မြင်ရဖို့ မျှော်လင့်ပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေအတွက် ချီးကျူးကြိုဆိုသင့်သလိုပဲ ဒီထက် ပို ထိရောက်ပြင်းထန်တဲ့ လုပ်ရပ်တွေ ဆက်လုပ်ကြဖို့လည်း တောင်းဆိုချင်ပါတယ်”

အလားတူပဲ ဗြိတိန်နဲ့ကနေဒါနိုင်ငံတွေကလည်း မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်မှု တွေ ဆက်လုပ်နိုင်စေအောင် အားပေးကူညီနေတဲ့ လက်နက်ပွဲစားတွေ၊ ဘဏ္ဍာငွေရှာပေးနေသူတွေ အပါအဝင် လူပုဂ္ဂိုလ် ငါးဦးနဲ့ အဖွဲ့အစည်းတစ်ခုတို့ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၃၁ ရက်က ကြေညာလိုက်ပါတယ်။

"မြန်မာနိုင်ငံမှာ စစ်ကောင်စီက မြန်မာပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်နေတာကို ယူကေနိုင်ငံက ခြွင်းချက်မရှိ ကန့်ကွက်ရှုတ်ချပါတယ်။ မြန်မာစစ်တပ်က ဒီလိုတိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်မလုပ်နိုင်တော့အောင် နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ပူးပေါင်းပြီး၊ မြန်မာစစ်တပ်အတွက် ဘဏ္ဍာငွေ ရှာပေးနေသူတွေနဲ့ လက်နက်ဝယ်ယူပေးနေသူတွေကို ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်လိုက်ပါတယ်’ လို့ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး အန်းန် မာရီ ထရီဗယ်ယန်က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဗြိတိန်နိုင်ငံက ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်ထဲမှာ Dynasty International ကုမ္ပဏီရဲ့ ကုန်ပစ္စည်း ဝယ်ယူရေးဌာနအကြီးအကဲ ဒေါ်မျိုးသစ္စာ၊ ထူးကုမ္ပဏီအုပ်စုရဲ့ ညွှန်ကြားရေးမှူး ဦးထူးထက်တေဇ နဲ့ Myanmar Avia Services ၊ Yangon Aircraft Engineering နဲ့ ထူးကုမ္ပဏီအုပ်စုတွေက ဦးပြည့်ဖြိုးတေဇ၊ Sky Aviator Company Limited ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်မင်းဦး၊ Yatanarpon Aviation Services ရဲ့ ညွှန်ကြားရေးမှူး ဦးစစ်တိုင်းအောင်၊ နဲ့ International Group of Entrepreneur Services Company Limited (IGE) ကုမ္ပဏီတို့ ပါဝင်ပါတယ်။

ကနေဒါနိုင်ငံ ကမ္ဘာ့ရေးရာဝန်ကြီးဌာနကလည်း အမေရိကန်၊ ဗြိတိန်တို့နဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်ကို ပိတ်ဆို့ အရေးယူမှု အရ၊ လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ အဖွဲ့အစည်း ၂၂ ခုကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်လိုက်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကနေဒါနိုင်ငံက ပိတ်ဆို့အရေးယူထားတဲ့ လူပုဂ္ဂိုလ် ၁၃၄ ဦး နဲ့ အဖွဲ့အစည်း ၈၈ ခုရှိသွားပြီ လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကနေဒါနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ပူးပေါင်းပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေကို ပိတ်ဆို့ပြီး သူတို့ ဆက်သွားနေတဲ့ လမ်းကြောင်းပြောင်းသွားစေဖို့ ဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုတွေအတွက်လည်း အာမခံဝန်ဆောင်မှု မပေးတော့ဖို့ တားမြစ်လိုက်တဲ့ အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများ။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများ။ (Photo: Citizen Journalist)

အခုလို MOGE ကို ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်တာဟာ အမေရိကန်အစိုးရအနေနဲ့ ကမ္ဘာ့အရေးကိစ္စတွေ ဘယ်လိုရှိရှိ မြန်မာနိုင်ငံအရေးကို အရေးစိုက်မှုရှိနေတဲ့အကြောင်း ပြသနေတယ်လို့ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ချင်းအဖွဲ့အစည်းရဲ့အမှုဆောင်ညွှန်ကြားရေးမှူး ဦးဇိုသုန်းမှုန်ကလည်း ပြောပါတယ်။

“စက်တင်ဘာလ ၁၈ရက်နေ့မှာ ကျွန်တော်တို့ မေရီလန်းပြည်နယ် ချင်းအဖွဲ့အစည်းကနေ အမေရိကန် အထက်လွှတ်တော်မှာ briefing ပေးခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ အဓိကတောင်းဆိုတာက အမေရိကန် အစိုးရက ထိထိရောက်ရောက် ကူညီပေးဖို့ ဆိုရင် MOGE ကို ပိတ်ဆို့အရေးယူဖို့လိုတယ်ဆိုတာ တောင်းဆိုခဲ့တယ်။ ဒါကြောင့် အခုလိုချမှတ်လိုက်တာကို ဝမ်းသာတယ်။ ကျေးဇူးတင်တယ်။ ကြိုဆိုတယ်။ ဒါက အမေရိကန်အစိုးရကနေ နွေဦးတော်လှန်ရေးကို ဘယ်လောက်အထိ အားစိုက်လာတယ်ဆိုတာ ပြသနေတယ်။ အခုအချိန်မှာ မြန်မာပြည်အရေးကို လျစ်လျူရှုလိမ့်မယ်လို့ လူတွေထင်ကြတယ်။ ဒါပေမယ့် မဟုတ်ဘူး။ MOGE ကို ပိတ်ဆို့ အရေးယူလိုက်တာက ဝါရှင်တန်ဒီစီကနေ မြန်မာပြည်အရေးကို ပိုပြီး ဂရုစိုက်ပြီးတော့ လုပ်လာတယ်ဆိုတာ ပြသတယ်။ ”

အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ရက်နေ့မှာ MOGE ရဲ့ခေါင်းဆောင် ညွန်ကြားရေးမှူးနှစ်ဦးကို ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ထည့်သွင်းခဲ့ပေမဲ့ MOGE အဖွဲ့အစည်းတစ်ခုလုံးကို ပိတ်ဆို့အရေးယူတာ မဟုတ်တဲ့အတွက် ထိရောက်မှု မရှိတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာ့အရေးကျွမ်းကျင်သူတွေက RFA ကို ပြောကြားခဲ့ပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က မမူလန်ကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ကြိုဆိုကြောင်းနဲ့ MOGE ကို အပြည့်အဝ ဒဏ်ခတ်ပိတ်ဆို့တဲ့အရေးယူမှု အမြန်ဆုံးချမှတ်ဖို့လည်း အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

"သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကလည်း ဒီအရေးယူမှုကို ကြိုဆိုပါတယ်။ MOGE ကို အခုအရေးယူမှုက အပြည့်အဝ ဒဏ်ခတ်ပိတ်ဆို့အရေးယူတာမဟုတ်ဘူး၊ အခုကနဦးအရေးယူတာက အဓိက စစ်တပ်ဆီငွေကြေးလွှဲပြောင်းတာတွေကို ကန့်သတ်လိုက်တာပါ။ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အခုအရေးယူတာဟာ အမေရိကန်ဒေါ်လာပေးချေမှုအားလုံးကို ကန့်သတ်ထားတယ်၊ တခြားဘဏ္ဍာရေးနဲ့ ဆက်စပ်တဲ့ ဝန်ဆောင်မှုအားလုံးကိုလည်း ပိတ်လိုက်ပါတယ်။ UK နဲ့ ကနေဒါ နှစ်နိုင်ငံလည်း ပူးပေါင်းပါဝင်လာတဲ့အတွက် စစ်အုပ်စုကို မြန်မြန်အထိနာဖို့ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ဆင်ရေးတွေအပေါ် အများကြီး အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။ ဒေါ်လာကို အသည်းအသန်လိုအပ်နေတဲ့ စစ်အုပ်စုအတွက် စိတ်ဓာတ်ရေးရာအရရော၊ ငွေကြေးအရရော ဗုန်းဗုန်းလဲတဲ့ အချိန်ကောင်းပဲဖြစ်တယ်၊ ဒါကြောင့်မို့ MOGE တစ်ခုလုံးကို အခုထက်ပိုပြီး ထိရောက်ပြင်းထန်တဲ့ အပြည့်အစုံအရေးယူပိတ်ဆို့မှုကို ပြုလုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ဘဏ္ဍာရေးအရင်းအမြစ်တစ်ခုလုံး ပြိုလဲဖို့ဆိုရင် အမေရိကန်အစိုးရအနေနဲ့ MOGE ကို အပြည့်အဝထပ်မံပိတ်ဆို့ဖို့နဲ့ တခြားသော စစ်တပ်ရဲ့ဘဏ္ဍာရေးဒေါက်တိုင်တွေကိုပါ အမြန်ဆုံးအရေးယူဖို့ လိုပါတယ်။"

ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေဟာ မြန်မာစစ်တပ်ရဲ့ အဓိကဝင်ငွေ အရင်းအမြစ်ဖြစ်တဲ့ MOGE ကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့ကြပေမဲ့ အမေရိကန်ဘက်က MOGE ကို အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ပိတ်ဆို့အရေးယူဖို့ နှောင့်နှေးနေခဲ့တယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့ထုတ် ရိုက်တာသတင်းက သုံးသပ်ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။