အမေရိကန် မြန်မာ ဆက်ဆံရေး တရုတ် စိုးရိမ်ဖို့ မလိုဟု အမေရိကန် အရာရှိပြော
2011.11.18

RFA
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ သမ္မတ ဘာရက် အိုဘားမားက ကြေညာလိုက်တဲ့နောက် အမေရိကန် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေက အခုလို ပြောတာပါ။ တစ်ဆက်တည်းမှာပဲ မြန်မာနဲ့အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တရုတ် အစိုးရကိုလည်း တိုင်ပင် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
အမည် မဖေါ်လိုတဲ့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ မြန်မာ အမေရိကန် ဆက်ဆံရေး တိုးမြှင့်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံ အရေး ဖြစ်ပြီး တရုတ်နိုင်ငံ အရေး မဟုတ်ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနဲ့ နိုင်ငံတကာ အဝန်းအဝိုင်းမှာ ပါဝင်လာနိုင်ရေးကို တရုတ် အစိုးရ အနေနဲ့ လိုလားသင့်ပါတယ်လို့ဆိုပါတယ်။
နိုင်ငံရေး အကဲခတ်သူတွေ ကတော့ တရုတ်ရဲ့အိမ်နီးချင်း နိုင်ငံတွေ အပေါ် အမေရိကန် သြဇာ လွှမ်းမိုးလာမဲ့ အရေးကို တရုတ် အစိုးရ စိုးရိမ်မှု ကြီးမားလာတယ်လို့ ရှုမြင် သုံးသပ်နေကြပါတယ်။