အပစ်ရပ်စဲရေးဖြစ်မြောက်ဖို့ ကန်သံအမတ်ကို ကချင်ပါတီတောင်းဆို
အဲလိဇဘက်ဂျန်မာ
2019.11.14
2019.11.14

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အရေးကြီးတာမို့ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ ပဏာမအပစ်ရပ်စဲရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ အမေရိကန်သံအမတ်ကြီး Scott Marciel က ပြောကြားလိုက် ပါတယ်။
နိုဝင်ဘာလ ၁၃ ရက် မနေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်နေတဲ့ အမေရိကန်သံအမတ်ဟာ ကချင် ပြည်နယ် ပြည်သူ့ပါတီ ဗဟိုရုံးချုပ်မှာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အခုလို တိုက်တွန်းပြောကြားခဲ့တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။
KIA အဖွဲ့ကလည်း အစိုးရနဲ့ ပဏာမအပစ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ အစီအစဉ်ရှိတယ်ဆိုတာ သိထားရပြီး အချိန်နေရာအတိအကျသတ်မှတ်ပြီး ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း၊ နောက်ပိုင်းမှာလည်း စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ကိစ္စ တပါတည်းဖြစ်လာနိုင်လိမ့်မယ်လို့လည်း ဒေါက်တာတူးဂျာက သံအမတ်ကြီးကို တင်ပြပြောဆိုခဲ့တယ် လို့ ပြောပါတယ်။
အမေရိကန်သံအမတ်ကြီးက KSPP ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း၊ ဒီမိုကရေစီကို အလေးထားကြောင်း၊ ကချင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီကို ဂုဏ်ပြုပါကြောင်းပြောကြားခဲ့ပါတယ်။
KSPP ပါတီ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနဲ့ မူဝါဒ သဘောထားတွေကိုလည်း ရင်းနှီးပွင့်လင်းစွာနဲ့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ၊ ဒုဥက္ကဋ္ဌ (၂) ဦးကွမ်ဂရောင်အောင်ခမ်းနဲ့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ဒွဲဘူ တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန်သံအမတ်ကြီးဟာ ကချင်ပြည်နယ်ကို ၂၀၁၈ တုန်းကလည်း သွားရောက်လည်ပတ်ပြီးတော့ နိုင်ငံရေးပါတီတွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။