အမေရိကန်အစိုးရက ရခိုင်ပြည်အရေးအတွက် ထပ်မံကူညီ
ရခိုင်ပြည်နယ်က လူမှုရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇ သန်း ကူညီမယ်လို့ ရန်ကုန် အမေရိကန် သံရုံးက ဒီကနေ့ ပြောကြားပါတယ်။
-
2012-10-19 -
-
-
ရန်ကုန်မြို့ အမေရိကန် သံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရံှုးတာကြောင့် အပြင် စိုးရိမ်ကြောင့်ကြမှုတွေကြောင့် နေရပ်မပြန်လိုကြသူတွေ များတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ ဒုက္ခသည်စခန်းတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေ မလုံလောက်မှု နဲ့ အိမ်သာ လုံလောက်မှု မရှိဘူးလို့ အမေရိကန်သံရုံးက အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
ဒီအခြေအနေတွေကို အကူအညီပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရက နောက်ထပ် အမေရိကန် ဒေါ်လာ ၂.၇ သန်း ထပ်ဆောင်းပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အကူအညီတွေကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF က ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။