ငြိမ်းချမ်းရေးစာချုပ် မူကြမ်းရရှိရေး ဆွေးနွေးပွဲ ပြီးဆုံး
2014.03.10

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ ဒီနေ့ ပြီးဆုံးသွားပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်း ချုပ်ဆိုနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား မူကြမ်းပူးတွဲပြုစုရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဋ္ဌဝန်ကြီး ဦးအောင်မင်းက အဲဒီပူးတွဲလုပ်ငန်းအဖွဲ့မှာ နှစ်ဖက်တာဝန်ရှိသူတွေ အညီအမျှပါဝင်မယ်လို့ ပြောပါတယ်။
မူကြမ်းရေးဆွဲရေး နှစ်ဖက်ကိုယ်စားလှယ်တွေဟာ နောက်လ ဧပြီလ ပထမပတ်မှာ ထပ်မံတွေ့ဆုံသွားဖို့ သဘောတူညီခဲ့ကြပြီး နောက်တစ်ကြိမ်ဆွေးနွေးပွဲမှာ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NSAA-ESS မိုင်းလား စတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုပါ ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့က အဖွဲ့ဝင်တွေ တပ်မတော်ဖက်က ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်က UNFC အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟန်သာ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးခွန်ဥက္ကာ၊ ကရင်နီတိုးတက်ရေးပါတီက ဦးဆွေမျိုးသန့်စတဲ့ ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။