အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ရွာသားတွေ ကန့်ကွက်


2018.03.09
upper-yeywar-project-622.jpg အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်
.

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲက မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)ပေါ်မှာ စစ်အစိုးရလက်ထက်ကတည်းက တည်ဆောက်နေတဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအနီးက တာလုံဆိုတဲ့ရွာကို အစိုးရက ဖယ်ရှား ခိုင်းပေမယ့် ဒေသခံတွေက ငြင်းဆန်နေကြပါတယ်။

စီမံကိန်းပြီးရင်အနီးနားက ရွာနဲ့ဥယျာဉ်ခြံမြေတွေဟာ ရေနစ်မြုပ်မှာဖြစ်သလို အဲဒီအတွက် အစိုးရ ကလျော်ကြေးပေးမယ်ဆိုပေမယ့် ဒေသခံတွေက လက်မခံကြဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင် ကပြောပါတယ်။

"သူတို့ကရွာကိုလည်း အသစ်ပြန်ပြီးတည်ဆောက်ပေးမယ်၊ သီးနှံတွေအတွက်လည်း ကော်မတီတွေ ဖွဲ့ပြီးတော့မှ သင့်တင့်လျှောက်ပတ်တဲ့ဈေးနှုန်းကို သတ်မှတ်ပြီးတော့မှ အဲဒီဈေးနှုန်း အတိုင်း လျော်ကြေးပေးမှာပေါ့ဗျာ"


မနေ့က သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စီမံကိန်းနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ပွဲကို သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်လည်း တက်ရောက်ခဲ့ပါတယ်။ ကျေးရွာသားတွေက အဲဒီစီမံကိန်းကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံတွေကိုတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ဖယ်ရှားခိုင်းခဲ့တာဖြစ်ပြီး အစိုးရက လျှော်ကြေးပေးဖို့ ကမ်းလှမ်းပေမယ့်လည်း ဖယ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ တာလုံရွာဒေသခံ ဦးစိုင်းထမ်အိုက် ကပြောပါတယ်။

"အခုလက်ရှိလုပ်ကိုင်စားသောက်နေတဲ့ဟာက နှစ်ရှည်ပင်တွေဖြစ်တယ် အခုလက်ရှိဆိုရင် အသက်မွေး ဝမ်းကျောင်း အရမ်းအဆင်ပြေတယ်၊ ဒီဟာကြီးပြီးသွားပြီဆိုရင် အကုန်လုံးရေအောက်ရောက်ပျက်စီး ကုန်မှာ၊ စိုက်ပျိုးမြေကောင်းတာက မြစ်ကမ်းဘေးမှာ၊ နစ်နာကြေးတို့ ပြန်လည်အစားထိုးပေးတာတို့ ကျနော်တို့ တခါမှမတောင်းပါဘူး၊ ရပ်ဖို့ပဲ ကျနော်တို့ မရွှေ့မပြောင်းချင်တာပဲ ကျနော် တို့ တောက်လျှောက်ပြောခဲ့တာပါ’’

အဲဒီစီမံကိန်းကနေမီဂါဝပ် ၂၈၀ ထွက်ရှိမှာဖြစ်ပြီးစစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်ကတည်းကစတင်ခဲ့ကာ လာမယ့် ၂၀၂၀ မှာ အပြီးတည်ဆောက်နေတာဖြစ်ပါတယ်။

အစိုးရမြေစာရင်းရုံးရဲ့စာရင်းတွေအရ တာလုံရွာမှာအိမ်ခြေ ၁၄၃ လုံးရှိပြီးလူဦးရေ ၆၀၀ ကျော် နေထိုင်ကြတာပါ။ မိရိုးဖလာ ကမ္ဘာလာခြံနဲ့ ကျွဲကောခြံဧကပေါင်း ၃၀၀ နီးပါးလောက်ရှိတယ်လို့ ဦးစိုင်းခမ်းအောင် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။