ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ မွတ်စလင်ဒုက္ခသည်တွေ နဲ့ တွေ့ဆုံ
2018.04.30

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက သံတမန်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည် စခန်းကို မနေ့က သွားရောက်ခဲ့ပြီး၊ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ မွတ်စလင် ဒုက္ခသည်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ ဒုက္ခသည်တွေက တရားမျှတမှုကို အလိုရှိကြောင်း၊ လုံခြုံမှုရှိတဲ့ နေရပ်ကို လုံခြုံမှုရှိရှိ ပြန် လိုကြောင်း ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး သူတို့ဆန္ဒကို ထုတ်ဖေါ်ခဲ့ကြတဲ့အပြင်၊ သူတို့အပေါ် မြန်မာစစ်တပ်က အုပ်စုလိုက် အဓမ္မကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပုံတွေ ပြောဆို ခဲ့ကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
အဖွဲ့ဝင်တဦးဖြစ်တဲ့ ရုရှသံတမန်က - ရခိုင်ပြည်နယ် ပြဿနာအပေါ် မျက်နှာလွဲထားမှာမဟုတ်ကြောင်း၊ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာလည်း အရာအားလုံးကို လက်ငင်း ဖြေရှင်းနိုင်တဲ့ ဆေးကြိမ်လုံး မရှိကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
တကယ်လို့ ကုလသမဂ္ဂက မြန်မာအပေါ် အရေးယူဖို့ ဆုံးဖြတ်မယ်ဆိုရင်ရုရှ နဲ့ တရုတ်က ကန့်ကွက်တားဆီး မှာလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ အဖွဲ့ဝင် တရုတ်သံတမန်က ဒီပြဿနာဟာ သမိုင်းကြောင်း၊ မျိုးနွယ်စု၊ ဘာသာရေးတွေ ရောယှက်နေတဲ့ အလွန်ရှုတ်ထွေးတဲ့ ပြဿနာဖြစ်ကြောင်း၊ အလွယ်တကူဖြေရှင်းလို့ မရကြောင်း၊ ဒါပေမဲ့ အားလုံးစုပေါင်း ဆောင်ရွက်ကြရင် နည်းလမ်းတရပ်တော့ တွေ့လာနိုင်ကြောင်း ပြော ဆိုခဲ့ပါတယ်။