မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပိုလာကြောင်း ကုလသမဂ္ဂ ပြော

ဒီကနေ့ ဘန်ကောက်မှာ ထုတ်ပြန်တဲ့ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှု တိုက်ဖျက်ရေးရုံးရဲ့ ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု မနှစ်ကထက် ၁၄% ပိုများလာတယ်လို့ ဖော်ပြလိုက်ပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်၊ UNODC ၏ ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းတွင် ကျင်းပစဉ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်၊ UNODC ၏ ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းတွင် ကျင်းပစဉ်။ (UNODC)

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးဧရိယာ လေးသောင်း သုံးထောင် ခြောက်ရာ ဟက်တာ ရှိလို့ ကမ္ဘာမှာ အာဖဂန်စ္စတန် နိုင်ငံပြီးရင် ဒုတိယ ဘိန်းအများဆုံး စိုက်ပျိုးတဲ့ နိုင်ငံဖြစ်တယ်လို့လည်း ဆိုပါတယ်။ UNODC ရုံး မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Mr Jason Eligh အဆိုအရ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ တစ်ကမ္ဘာလုံးရဲ့ ၂၃% ရှိပြီး ထွက်ရှိလာတဲ့ ဘိန်းဟာ တစ်ကမ္ဘာလုံး ထုတ်လုပ်မှုရဲ့ ၉% ခန့်ရှိတယ်လို့ ဘန်ကောက်မြို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ အလားတူ UNODC ရဲ့ အဆိုအရ လာအိုနိုင်ငံမှာလည်း ဘိန်းစိုက်ပျိုးမှု များပြားလာတာ တွေ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် လာအိုနိုင်ငံ ဘိန်းစိုက်ပျိုးမှု ဧရိယာဟာ ဟက်တာ ၄၁၀၀ ပဲ ရှိလို့ မြန်မာနိုင်ငံထက် ဆယ်ဆလောက် နည်းတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဟာ အရှေ့တောင်အာရှအတွင်း ဘိန်းစိုက်ပျိုးမှုအားလုံးရဲ့ ၉၁% ရှိပြီး မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုအားလုံးရဲ့ ၉၁% ကို ရှမ်းပြည်နယ်မှာ တွေ့ရတယ်လို့ ပြောသွားပါတယ်။ ဒီစစ်တမ်းကို ဂြိုဟ်တုက ရိုက်ထားတဲ့ ကောင်းကင်ဓာတ်ပုံကို အခြေပြု ကောက်ယူတယ်လို့ UNODC အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ UNODC အစီရင်ခံစာနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့ရောက် အာရ်အက်ဖ်အေအဖွဲ့သား ဦးကိုကိုအောင်က တင်ပြပါမယ်။

0:00 / 0:00