မိုခါမုန်တိုင်းသင့်ဒေသ ကူညီရေးအဖွဲ့တွေသွားရောက်ခွင့် စစ်ကောင်စီ ပိတ်ပင်ထားကြောင်း ကုလထုတ်ပြန်
2023.06.10

မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေထံ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ခွင့်ကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး စေ့စပ်ညှိနှိုင်းရေးရုံး UNOCHA က ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
အခုလို ပိတ်ပင်လိုက်တဲ့အတွက် မုန်တိုင်းသင့်ပြည်သူတွေအတွက် အလွန်အရေးကြီးတဲ့ သောက်သုံးရေ၊ အစားအသောက်နဲ့ ဆေးဝါးတွေ ဖြန့်ချိမှုတွေကို ရပ်ဆိုင်းထားရကြောင်း၊ မကြာခင်မှာ မိုးရာသီရောက်လာတော့မှာမို့ အခုလိုလုပ်လိုက်တာ အဆိုးဆုံးအချိန်မှာမှ ရွေးပြီး ပိတ်ပင်လိုက်သလိုဖြစ်နေကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီက အခုလို ပိတ်ပင်လိုက်ရတဲ့ အကြောင်းရင်းကိုတော့ မပြောပြခဲ့ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။
ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မိုခါဟာ မြန်မာနိုင်ငံအတွက် အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာ လူအနည်းဆုံး ၁၄၈ ဦး သေဆုံးပြီး နေအိမ် အဆောက်အအုံ တစ်သိန်းရှစ်သောင်းကျော် ပြိုလဲပျက်စီးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ရခိုင်၊ ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ လူပေါင်း ၁ သန်း ၆ သိန်းခန့် မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ ထိခိုက်မှုကို ခံစားခဲ့ရတယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။