လိုင်စင်မဲ့ ယာဉ်မျိုးစုံ ဖမ်းဆီးမယ်


2016.06.03
thantzinmg-620.JPG ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ကို တွေ့ရစဉ်
.

နယ်စပ်ကနေ တရားမဝင် တင်သွင်းလာတဲ့ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ယာဉ်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်ချပြီး ဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြည်သူ့လွှတ်တော်မှာ ပြောခဲ့ပါတယ်။

တစ်နိုင်ငံလုံးက လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို အခွန်ပေးဆောင်စေပြီး လိုင်စင်ချပေးဖို့နဲ့ တရားမဝင် တင်သွင်းရောင်းဝယ်နေတာတွေကို ဘယ်လိုအရေးယူမလဲဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာဒေါ်ခင်စိုးစိုးကြည်က မေးမြန်းတာကို ဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"နယ်စပ်ဖြတ်ကျော်ပြီး နောက်ထပ်ဝင်ရောက်လာမယ့် တရားမဝင်သက်ဆိုင်ရာ သယ်ဆောင်ရောင်း ဝယ်နေသော မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နဲ့ ကားများ၊ ပြည်တွင်းတွင်ရောက်ရှိနေသည့် လိုင်စင်မဲ့ယာဉ်များအား သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များရဲ့ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီးတော့ စီမံချက်များချမှတ်ပြီးတော့ ရှောင် တခင်စစ်ဆေးတယ်၊ ဖမ်းဆီးအရေးယူတာတွေ ကျနော်တို့ ထိထိရောက်ရောက်ဆောင်ရွက်နေပါတယ်၊ ဆက်ပြီးတော့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ တဖက်ကလည်းပဲ တောလမ်းတွေ၊ နယ်စပ်ဒေသ ဝင်ပေါက်တွေကနေ ထပ်မံပြီးတော့ ဝင်ရောက်မလာနိုင်ဖို့ရာအတွက် ဌာနစုံပူးပေါင်းအဖွဲ့တွေ၊ လုံခြုံရေး တပ်ဖွဲ့များနဲ့ ဖွဲ့စည်းတာဝန်ပေးလျှက် တင်းကြပ်စွာတားမြစ်ပိတ်ဆို့ပါမယ်"

လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ရရှိအောင် လုပ်ဆောင်ပေးလိုက်မယ်ဆိုရင် တရားဝင် ဆိုင်ကယ်ပိုင်ရှင်တွေ အတွက် နစ်နာမှုရှိနိုင်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးခွင့်ပြုချက်နဲ့ ရောင်းချနေတဲ့ အရောင်းဆိုင်တွေက ကန့်ကွက် လာနိုင်ကြောင်း၊ ဥပဒေချိုးဖောက်မှုကို အားပေးအားမြှောက်ပြုရာ ရောက်မှာဖြစ်ကြောင်း စတာတွေကြောင့် လိုင်စင်မဲ့ယာဉ်တွေကို တရားဝင်လိုင်စင် မချပေးနိုင်ကြောင်း ဝန်ကြီး ဦးသန့်စင်မောင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် အိမ်နီးချင်း နိုင်ငံတွေကနေ ဆိုင်ကယ်တွေ ခိုးယူတင်သွင်းလာတာတွေဟာ နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ မလိုလားအပ်တဲ့ အရှုပ်အထွေးတွေဖြစ်ပေါ်လာနိုင်ကြောင်းနဲ့ နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းနိုင်ကြောင်း စတာတွေဖြစ်ပေါ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်အထိ တစ်နိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်အစီးရေ ၄ သန်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။