တက္ကသိုလ်ဆရာ ဆရာမများ၏ တင်ပြချက် ဝန်ကြီးဌာန လက်ခံ
2014.01.06
တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းနဲ့ ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ထားတဲ့ "တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး" ကို "အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ" အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီနေ့ကျင်းပတဲ့ "ပညာရေးအဆင့်မြှင့်တင်မှုဆိုင်ရာ ဒေသန္တရ အလုပ်ရုံဆွေးနွေးပွဲ" မှာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆရာ ဆရာမများအသင်း၊ ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတွေ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာပါ။
"အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ" ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာကိုတော့ ဆက်လက်ဆွေးနွေး ရဦးမယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ပြောပါတယ်။
အစိုးရကရေးဆွဲနေတဲ့ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းမှာပါတဲ့ တက္ကသိုလ်များ ဗဟိုကောင်စီဟာ အရင်တုန်းက လိုပဲ ဗဟိုဦးစီးချုပ်ကိုင်မှုနဲ့ ကန့်သတ်ချက်တွေပါတယ်ဆိုပြီး တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းနဲ့ ကျောင်းသား သမဂ္ဂတွေက ကန့်ကွက်ခဲ့ကြတာပါ။