တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ခုနစ်ဦး ထောင်နှစ်နှစ်ကနေ ၂၅ နှစ်အထိ ချမှတ်ခံရ
2022.12.29

စစ်ကောင်စီက ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ တစ်ပတ်အတွင်းမှာ ရန်ကုန်၊ မန္တလေးနဲ့ ဘားအံမြို့က တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ခုနစ်ဦးကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သက်ဆိုင်ရာ ကျောင်းသားများသမဂ္ဂတွေက ပြောပါတယ်။
မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ကျောင်းသား ကိုကောင်းဆက်ကို ထောင် ၂၅ နှစ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ (ဗကသများ) အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး တာဝန်ခံ ကိုကောင်းထက်ဦး၊ ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း ကိုဉာဏ်ဝင်းထက်နဲ့ အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုအောင်ကျော်ခန့် တို့ကို ထောင် ၁၅ နှစ်စီ၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသား ကိုမျိုးသူရအောင်ကို ထောင် ၁၃ နှစ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကျောင်းသူ မဝင်းထက်မာကို ၁၀ နှစ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို ထောင် နှစ်နှစ်စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါဟာ အာဏာရှင်ဆန့်ကျင်ရေးလုပ်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဖက်ဆစ်တပ်က ဖိနှိပ်ရေးယန္တယားတွေကိုသုံးပြီး သူတို့အာဏာတည်မြဲရေးအတွက် တည်ဆောက်နေတာဖြစ်တယ်။ မတရားတဲ့ဥပဒေတွေအောက်မှာ တရားမျှတမှုဆိုတာ ရှိမှာမဟုတ်ဘူးလို့ ကျနော်တို့က ယူဆတယ်။ ဒီလုပ်ရပ်တွေဟာ ဖက်ဆစ်တပ်က ပြည်သူလူထုနဲ့ ကျောင်းသားထုအပေါ် မတရားအကြမ်းဖက် ဖမ်းဆီးထောင်ချတဲ့ လုပ်ရပ်တွေပဲဖြစ်တယ်"
အခုထောင်ချခံရသူတွေထဲမှာ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ကိုကောင်းဆက် က ၂၅ နှစ်နဲ့ အများဆုံး ဖြစ်ပါတယ်။ သူ့ဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ လေးခုနဲ့ တရားစွဲခံခဲ့ရတာပါ။ အဲဒီနောက် အင်းစိန်ထောင်တွင်းတရားရုံးကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အလုပ်နဲ့ ထောင် ၂၅ နှစ် ချမှတ်ခံခဲ့ရတာပါ။
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) အတွက် အလုပ်နဲ့ ထောင်သုံးနှစ်၊ လက်နက်များ အက်ဥပဒေပုဒ်မ - ၁၉(စ) အတွက် အလုပ်နဲ့ ထောင်သုံးနှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၇ လူသတ်ရန်အားထုတ်မှုအတွက် အလုပ်နဲ့ ထောင်ခုနစ်နှစ်၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ အတွက် အလုပ်ကြမ်းနဲ့ ထောင်ငါးနှစ်၊ ဒီပုဒ်မနဲ့ပဲ အလုပ်ကြမ်းနဲ့ ထောင်ခုနစ်နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာလည်း သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ကျောင်းသူ မဝင်းထက်မာကို ဓားပြမှု ပုဒ်မ - ၃၉၅ အတွက် အရှေ့ပိုင်းခရိုင်တရားရုံးကနေ ထောင် ၁၀ နှစ် ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှာလည်း ဒီအမှုအတွက် အနောက်ပိုင်း ခရိုင် တရားရုံးကနေ ထောင် ၁၀ နှစ် ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင် ၂၀ နှစ် ရှိနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဗကသများအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးဗျူရိုတာဝန်ခံ ကိုကောင်းထက်ဦးဟာလည်း ဒီဇင်ဘာလ ၂၃ ရက်နေ့က ဘားအံခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၄၉(က) နဲ့ ထောင် ၁၅ နှစ် ချမှတ်ခံခဲ့ရတာပါ။
ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဋ္ဌဟောင်း ကိုဉာဏ်ဝင်းထက် ကိုလည်း စစ်ကောင်စီရဲ့ အရှေ့ပိုင်းခရိုင်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၁(ဂ) အတွက် ရှစ်နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၃ အတွက် ခုနှစ်နှစ် စုစုပေါင်း ထောင် ၁၅ နှစ်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အမိန့်ချခဲ့တာပါ။
မန္တလေးတိုင်း၊ အမရပူရမြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ဗကသ ကျောင်းသား ကိုအောင်ကျော်ခန့် ဟာလည်း ဇွန်လ ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ အိုးဘိုထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀(ည) နဲ့ စွပ်စွဲခံရပြီး ထောင် ၁၅ နှစ်ချခံရခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်က ရူပဗေဒ နောက်ဆုံးနှစ် ကျောင်းသား ကိုမျိုးသူရအောင်ဟာ စစ်ကောင်စီရဲ့ ဘားအံခရိုင် ထောင်တွင်းတရားရုံးကနေ စွပ်စွဲထားတဲ့ ပုဒ်မ နှစ်ခုအတွက် ထောင် ၁၃ နှစ် ချမှတ်ခံခဲ့ရတယ်လို့ မော်လမြိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၀ လိမ်လည်မှု၊ ပုဒ်မ - ၄၆၈ လိမ်လည် အတုပြုထားသော စာတမ်း၊ အမှတ်အသားကို သုံးစွဲမှုအတွက် အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင် နှစ်နှစ် ထပ်ချခဲ့ပါတယ်။
မဆုရည်လင်းဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဆန္ဒပြပွဲတစ်ခုကိုအသွားမှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ - ၅၀၅ (က) နဲ့ ထောင် သုံးနှစ် ချမှတ်ခံရပြီးဖြစ်တာကြောင့် စုစုပေါင်း ထောင်ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ မော်လမြိုင်တက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ၇၈ ဦးနဲ့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ရှစ်ဦး အမိန့်ချခံထားရတယ်လို့ သက်ဆိုင်ရာ ကျောင်းသား သမဂ္ဂတွေရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။