ဆွေးနွေးဟောပြောပွဲ ခွင့်ပြုမိန့် သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးနဲ့သာ ဆိုင်
2018.06.26
တက္ကသိုလ် ကောလိပ်တွေမှာ ကျင်းပမယ့် ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို ခွင့်ပြုတာ မပြုတာဟာ သက်ဆိုင်ရာကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့က ရန်ကုန်တက္ကသိုလ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကျောင်းသားနဲ့ နိုင်ငံရေး ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ခွင့်ပြုချက်မရလို့ ရက်ရွှေ့ဆိုင်းလိုက်ရတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အဆည အနေနဲ့ တားမြစ်ထားတာ ဘာမှမရှိဘူးလို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်း က ပြောပါတယ်။
"ပြီးခဲ့တဲ့ ပွဲတွေလုပ်တာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ပြီးတော့ပဲ လက်ခံတာ၊ လက်မခံတာ၊ ကျင်းပခွင့်ပြုတာ မပြုတာ သူတို့ပဲ ဆုံးဖြတ်တာပါ။ ကျနော်တို့ကတော့ ဘာမှမဆုံးဖြတ်ပါဘူး။ အကြောင်းကြားစာမျိုးတော့ တင်တယ်ခင်ဗျ။ ကျနော်တို့ ဘယ်နေ့ ဘယ်ရက်မှာ ဘယ်ပွဲလုပ်ပါမယ်။ အဲဒါမျိုးတွေ တော့ ရှိပါတယ်။ သူတို့ရဲ့ စီမံခန့်ခွဲရေးအဖွဲ့က လက်ခံတယ်ဆိုရင် ကျနော်တို့က ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ သူတို့ကျောင်းထဲ သူတို့ အဆင်ပြေလို့လုပ်တာပဲ။ ကျနော်တို့က ဘာမှတားထားတာ မရှိပါဘူး"
ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားချက်အတိုင်း အချက်အလက် အသေးစိပ် ကို တင်ပြခိုင်းတယ်လို့ ကျောင်းသားနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော် က ပြောပါတယ်။
"အရင်ရက်တုန်းကပေါ့ အဆည ကနေပြီးတော့ ညွှန်ကြားစာထွက်တယ်ပေါ့။ ကျောင်းထဲမှာ နိုင်ငံရေးဆွေးနွေးပွဲ၊ ဟောပြောပွဲ မလုပ်ရဘူး။ စာတမ်းဖတ်ပွဲတွေလည်း မလုပ်ရဘူး။ တကယ်လို့ အဲဒါ နိုင်ငံရေးမဟုတ်တဲ့ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေ လုပ်မယ်ဆိုရင် ဟောပြောမယ့်အကြောင်းအရာ အသေးစိပ်၊ ပြီးတော့ ဟောပြောမယ့်သူရဲ့ ကိုယ်ရေးအကျဉ်းတို့၊ နောက်ထပ် တက်ရောက်မယ့်လူစာရင်းတို့ အဲဒါတွေ အကုန်လုံးကို အတိအကျ ပေးရမယ်ဆိုပြီး အဲဒီ ညွှန်ကြားစာထဲမှာ ပါတယ်။ ဒါပေမဲ့ နောက်ကျတော့ အဲဒီညွှန်ကြားစာက ပြန်ပြီးတော့ ပယ်ဖျက်လိုက်တယ်။ ပယ်ဖျက်တယ်ဆိုပေမယ့် ဒီမှာ ကျောင်းသားနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တဲ့ အခါကျတော့ ဝိဇ္ဇာခန်းမ ဒါမှမဟုတ် သိပ္ပံခန်းမ တစ်ခုခု သုံးဖို့ဆိုပြီး ကျနော်တို့တောင်းရမယ်။ ကျောင်းအုပ်ချုပ်ရေး ဘက်က ဘာပြန်တောင်းလဲဆိုတော့ ဟောပြောမယ့်သူရဲ့ ကိုယ်ရေးအကျဉ်းရယ်၊ တက်ရောက်မယ့် လူစာရင်း ရယ်၊ ဟောပြောမယ့် အကြောင်းအရာထဲမှာပါမယ့် အသေးစိပ်ပေါ့။ အဲဒါတွေအကုန်လုံး သူတို့ကိုတင် အဲလိုပြောတယ်"
ကျောင်းသားနဲ့ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်၊ စစ်ကိုင်းလမ်းက ဆရာများသမဂ္ဂ ရုံးခန်းရှေ့မှာ NNER ဥက္ကဋ္ဌ ဒေါက်တာ သိန်းလွင်နဲ့ တောင်ကုတ်တက္ကသိုလ် အရှေ့တိုင်းပညာဌာနက ဒေါက်တာ အာကာမိုးသူတို့ ဟောပြောဖို့ စီစဉ်တာ ဖြစ်ပါတယ်။
တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဘက်က တင်ပြခိုင်းတာတွေဟာ ပညာရေးလွတ်လပ်ခွင့်ရဲ့ အခြေခံမူတွေကို ဖိနှိပ် ကန့်သတ်ထားတယ်လို့ ယူဆတဲ့အတွက် မတင်ပြတော့ဘဲ ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းလိုက်တာလို့ ကိုညီဇော် က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် လက်မှတ်နဲ့ သက်ဆိုင်ရာ တက္ကသိုလ် ဒီဂရီ၊ ကောလိပ်ကျောင်းတွေဆီ ဖြန့်ဝေခဲ့တဲ့ ညွှန်ကြားချက်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေ က ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုရင် ကျင်းပမယ့် ပွဲခေါင်းစဉ်နဲ့ လာရောက် ဟောပြောမယ့်သူရဲ့ အမည်၊ ကိုယ်ရေးအကျဉ်း၊ ဖိတ်ကြားမယ့်သူ၊ တက်ရောက်မယ့် လူဦးရေ စတဲ့ အချက်အလက်တွေကိုပါ သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်တွေအပြင် အဆင့်မြင့်ပညာ ဦးစီးဌာနကိုပါ အသိပေး သဘောထားမှတ်ချက် ယူဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေဆိုရင်တော့ ကျင်းပဖို့ ခွင့်မပြုကြောင်းလည်း ပါရှိပါတယ်။
အဲဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး တက္ကသိုလ်အသီးသီးက ကျောင်းသားသမဂ္ဂတွေ၊ ဆရာ၊ဆရာမတွေက ကန့်ကွက်ကြောင်း စာတွေ ထုတ်ပြန်ခဲ့ကြပြီးနောက် အဲဒီညွှန်ကြားစာကို ပယ်ဖျက်လိုက်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနက ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။