နည်းပညာတက္ကသိုလ်များ ဘာသာရပ်အလိုက် ပေါင်းဖို့ ညွန်ကြားချက်ထုတ်

မကွေး နည်းပညာတက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာတွေအားလုံး ဘာသာရပ်အလိုက် ကျောက်ဆည်၊ မုံရွာ၊ မန္တလေးစတဲ့ နည်းပညာ တက္ကသိုလ်တွေကို ပြောင်းရွှေ့သင်ကြားဖို့ နေပြည်တော် သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ဝ ရက် နေ့စွဲနဲ့ ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အစီအစဉ်အရ ဇီဝ နည်းပညာ ကျောင်းသားတွေကို ကျောက်ဆည် နည်းပညာတက္ကသိုလ်၊ ချည်မျှင်နဲ့ အထည်အလိပ် ဘာသာရပ်ကို မုံရွာ၊ ရေနံတွင်းတူး ဘာသာရပ်နဲ့ ပိသုကာ ဘာသာရပ်တွေကို မန္တလေးကို ပြောင်းရွှေ့သင်ကြားရမှာ ဖြစ်ပါတယ်။ အဲဒီလိုပြောင်းရွှေ့ရမယ့်ထဲမှာ မကွေးနည်းပညာ တက္ကသိုလ် ကျောင်းသား ၁၂ဝ ကျော်နဲ့ ဆရာတွေ ပါဝင်ပါတယ်။

ဒီညွန်ကြားချက်နဲ့ ပတ်သက်လို့ မကွေးနည်းပညာ တက္ကသိုလ် ကျောင်းအုပ် ဆရာကြီး ဦးထိန်ဝင်းက… ကျောင်းသားတွေ အတွက် အတက်ပညာပိုင်း ပိုပြီး ထိရောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ကျောင်းသားတွေအနေနဲ့ အခက်အခဲ တော်တော်များများ ရှိတဲ့အကြောင်း တတိယနှစ် ကျောင်းသားတဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ နည်းပညာတက္ကသိုလ် မကွေးတက်တယ်ဆိုကတည်းက  ကိုယ်နဲ့လည်း နီးလို့လေ။ နောက်ပြီး အိမ်ကလည်း ဒီနားလေးမှာ ထားရင် အဆင်ပြေမယ် ထင်လို့ နဂိုကတည်းက ဒါကို ရွေးချယ်ခဲ့တာ။ ခုကျတော့ တော်တော် ဝေးသွားပြီ။ ကျနော်တို့ ဆိုရင် မုံရွာထိကို သွားရတော့မှာ။ တကယ်လို့များ ဘီအီးတွေက နောက်ထပ်တနှစ် ထပ်တိုးလိုက်မယ် ဆိုလို့ရှိရင် ကျနော်တို့ကျောင်းက ကျောင်းပြီးဖို့ ၆ နှစ် ဖြစ်သွားပြီ။ အဲဒီလိုမျိုး ခြောက်နှစ်ဆိုရင် Third years သမားအတွက်က နောက်ထပ် ၃ နှစ်က ဟိုမှာ ဆက်ပြီးနေရမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ ကျောင်းပြီးဖို့က။ မကျေနပ်တာ ကျောင်းသားတွေထက် မိဘတွေက ပိုဆိုးတာပေါ့”

အခု ထုတ်ပြန်လိုက်တဲ့  ညွန်ကြားချက်အရ မကွေး နည်းပညာတက္ကသိုလ်က ကျောင်းသားနဲ့ ဆရာတွေဟာ လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org