စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု အမေရိကန် မရုပ်သိမ်း
2011.02.08

အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုကြောင့် စစ်အစိုးရရဲ့ စစ်ရေးစီမံကိန်း တချို့ ရပ်နားခဲ့ရတာတွေ ရှိတယ်လို့ ပြည်ပကို ရောက်နေတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက ဆိုပါတယ်။
“နျူကလီးယား စက်ရုံအတွက် လိုအပ်တဲ့ ပစ္စည်း အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးနိုင်ဖို့အတွက် သူတို့ စက်ရုံတွေ ဆောက်တယ်လေ။ အဲဒီ ဆောက်တဲ့ စက်ရုံတွေက သူတို့ ၅ ရုံအထိ ဆောက်မယ် ဆိုပြီးတော့ သူတို့ စီမံထားတာ ရှိတယ်။ ပထမ စက်ရုံက ပြင်ဦးလွင်မှာ၊ ဒုတိယစက်ရုံက မြိုင် ကျွန်တော် နေခဲ့တဲ့ စက်ရုံပေါ့။ အဲဒီ စက်ရုံ နှစ်ရုံအပြင်ကို သူတို့က ၅ ရုံအထိ ဆောက်မယ်လို့ သူတို့က စီမံထားတာ။ တတိယ စက်ရုံ အဲဒီ ပထိုးလုံမှာ ဆောက်မယ်လို့ သူတို့က စီမံထားတာလေ။ ဒါပေမဲ့ အဲဒီ ပထိုးလုံ စီမံကိန်းက လုံးဝ ပျက်သွားတယ်။ ပြီးတော့ ပြင်ဦးလွင်မှာ ရှိတဲ့ စက်ရုံတွေမှာ ဆိုလို့ရှိရင်လည်း သူတို့ မလုပ်နိုင်တာတွေ အများကြီး ရှိတယ်၊ ဒီ ရော့ကက် အစိတ်အပိုင်းတွေ ထုတ်လုပ်နိုင်ဖို့အတွက် သူတို့ လိုအပ်တဲ့ စက် fast axis machine တွေ ဝယ်လို့ မရတာတွေ ရှိတယ်။ အဲဒါ sanction ရဲ့ အကျိုးသက်ရောက်မှုပေါ့ဗျာ။”
စစ်အစိုးရ အုပ်ချုပ်နေတဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိတာဟာ စီမံခန့်ခွဲမှု အားနည်းချက်နဲ့ အစိုးရရဲ့ဆောင်ရွက်ချက်တွေမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တာကြောင့်လို့ ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပေမဲ့ အဂတိ လိုက်စားမှု ကင်းရှင်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ အခြေခံအချက်တွေ လိုအပ်နေတယ်ဆိုတာကို ထောက်ပြ ပြောဆို ထားပါတယ်။