ရခိုင်ပြည်နယ်ကွင်းဆင်းလေ့လာခဲ့သူတွေ ဂျီနီဗာကုလရုံးမှာရှင်းလင်း

၂ဝ၁၇ ခုနှစ် ဇူလိုင်လက စစ်တွေမြို့နယ် ဒါးပိုင်ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကို စောင့်ဆိုင်းနေသည့် ကလေးများကို တွေ့ရစဉ်။
၂ဝ၁၇ ခုနှစ် ဇူလိုင်လက စစ်တွေမြို့နယ် ဒါးပိုင်ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကို စောင့်ဆိုင်းနေသည့် ကလေးများကို တွေ့ရစဉ်။ ((Photo: UNHCR/Roger Arnold))

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံအသိုင်းအဝိုင်းတွေဟာ တဖက်နဲ့တဖက် ယုံကြည်မှုမရှိဘဲ ကြောက်ရွံ့ ထိတ်လန့်နေတာကြောင့် အတူတကွ အေးအေးချမ်းချမ်း ပူးပေါင်းနေထိုင်နိုင်ရေး နှောင့်နှေးနေရတယ်လို့ အဲဒီဒေသကို သွားရောက်ကွင်းဆင်း လေ့လာခဲ့တဲ့ ကုလသမဂ္ဂအရာရှိ တွေက ပြောပြကြပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးက အရာရှိတချို့ဟာ အစိုးရရဲ့ခွင့်ပြုချက်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာအုပ်စုသုံးစု၊ ရွာပေါင်း ၂၃ ရွာကို ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။

ဒီခရီးစဉ်က တွေ့ရှိချက်တွေနဲ့ပတ်သက်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့ ကုလသမဂ္ဂရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောပြသွားရာမှာ... အဲဒီဒေသက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် အသိုင်းအဝိုင်းကြားမှာ တဖက်နဲ့တဖက် မယုံသင်္ကာစိတ်တွေ ရှိနေကြပြီး၊ ကူးလူးဆက်ဆံမှု မရှိတဲ့အတွက် လူမှုစီးပွားတိုးတက်မှုမရှိဘဲ လူနေမှုဘဝ အဆင့်အတန်း ပိုမိုနိမ့်ကျနေကြောင်း ပြောသွားပါတယ်။

သူတို့ရောက်ရှိ လေ့လာခဲ့တဲ့နေရာတွေမှာ နှစ်ဖက်အသိုင်းအဝိုင်းဟာ တသီးတခြားစီ နေထိုင်နေကြတဲ့အတွက် အပြန်အလှန်နားလည်မှုရရှိဖို့ ပိုမိုခက်ခဲနေကြောင်း၊ အထူးသဖြင့် မွတ်စလင်တွေအနေနဲ့ တနေရာနဲ့တနေရာ လွတ်လွတ်လပ်လပ်သွားလာခွင့် မရကြသလို ကျန်းမာရေးစောင့်ရှောက်မှုလည်း ကင်းမဲ့နေကြောင်း၊ သူတို့တွေ့ခဲ့ရသူ အတော်များများကတော့ ငြိမ်းချမ်းစွာအတူတကွနေထိုင်ရေးကို လိုလိုလားလားရှိနေတာ သိရတဲ့အတွက် အနာဂတ်အတွက် အားတက်စရာရှိကြောင်း ပြောကြပါတယ်။

ကုလသမဂ္ဂ အဖွဲ့တွေရဲ့ ဒုတိယအဆင့် ကွင်းဆင်းလေ့လာမှု အစီအစဉ်ကို ဒီနေ့ စတင်ကြမယ်လို့လည်း သိရပါတယ်။