ကုလက ချီးမြှင့်တဲ့ ဒုက္ခသည်ကူညီရေးဆု မိတ်ဆွေ(မြန်မာ)အဖွဲ့ရရှိ

UNHCR က ချီးမြှင့်သည့် ၂ဝ၂၂ ခုနှစ် Nansen Refugee Award (အာရှဒေသဆိုင်ရာဆု) ရရှိခဲ့သော မိတ်ဆွေ(မြန်မာ)အဖွဲ့၏ လှုပ်ရှားမှု ပုံရိပ်တချို့။
UNHCR က ချီးမြှင့်သည့် ၂ဝ၂၂ ခုနှစ် Nansen Refugee Award (အာရှဒေသဆိုင်ရာဆု) ရရှိခဲ့သော မိတ်ဆွေ(မြန်မာ)အဖွဲ့၏ လှုပ်ရှားမှု ပုံရိပ်တချို့။ (Photo: UNHCR)

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က နှစ်စဉ်ချီးမြှင့်တဲ့ Nansen Refugee Award (အာရှဒေသဆိုင်ရာဆု)ကို ဒီနှစ်မှာ မြန်မာနိုင်ငံက မိတ်ဆွေ(မြန်မာ) အဖွဲ့က ရရှိသွားပါတယ်။

မိတ်ဆွေ(မြန်မာ) အဖွဲ့ဟာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ကရင်၊ ရခိုင်၊ ရှမ်းစတဲ့ ပြည်နယ်နဲ့တိုင်းခြောက်ခုရှိ နေရာပေါင်း ၃ဝဝ နီးပါးမှာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့ ဖြစ်တယ်လို့ UNHCR က ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့ကို အသက် ၅၄ နှစ်အရွယ် ကရင်လူမျိုး သူနာပြုဆရာမနော်ဘွေခူက ၂ဝဝ၄ ခုနှစ်မှာ တစ်ယောက်တည်း စတည်ထောင်ခဲ့တာဖြစ်ပါတယ်။

HIV/AIDS ရောဂါဝေဒနာ ကူးစက်ခံရသူတွေနဲ့ ကလေူးငယ်တွေ၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေး လိုအပ်ချက်ကို ကူညီပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဖွဲ့ကို စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ တိုးချဲ့ပြီး ဒုက္ခသည်တွေကို ကူညီပေးလာတာလို့ ဆိုပါတယ်။

"ကျွန်မတို့ရဲ့အခြေခံစံနှုန်းက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ထိခိုက်ခံစားလွယ်ပြီး မေ့လျော့ခံနေရတဲ့ လူမှုအသိုက်အဝန်းတွေနဲ့ လူနည်းစုတွေအတွက် အလေးထား လုပ်ဆောင်ပေးခြင်းပါ"လို့ မိတ်ဆွေ(မြန်မာ)အဖွဲ့ တည်ထောင်သူ နော်ဘွေခူကပြောပါတယ်။

၁၉၂၂ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရရှိခဲ့တဲ့ Fridtjof Nansen ကို ဂုဏ်ပြုပြီး ၁၉၅၄ ခုနှစ်ကစလို့ Nansen Refugee Award ဆုကို ချီးမြှင့်လာတာ ဒီနှစ်ဆိုရင် နှစ်ပေါင်း ၁ဝဝ တိတိပြည့်ပြီ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာဆုကို ဂျာမနီဝန်ကြီးချုပ်ဟောင်း Angela Merkel က ရရှိခဲ့ပြီး အာရှတိုက်အတွက်ဆုကို မိတ်ဆွေ(မြန်မာ) အဖွဲ့အပါအဝင် ဒေသတွင်းဆုရှင်လေးဦးနဲ့ အာဖရိက၊ အမေရိကနဲ့ အရှေ့အလယ်ပိုင်းတို့မှာလည်း ဆုရှင်တွေ ပေါ်ထွက်ခဲ့ပါတယ်။