ရခိုင် ပြဿနာ ဖြေရှင်းရေးမှာ နားလည်မှုစာချွန်လွှာ အရေးကြီးတယ်လို့ UNHCR ပြော
2018.10.08

ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးမှာ မြန်မာအစိုးရရဲ့ နားလည်မှုစာချွန်လွှာ အရေးကြီးတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။
UNHCR နဲ့ UNDP တို့ရဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းမှုတွေ ပြီးဆုံးသွားခဲ့ပြီးတဲ့နောက် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
မြန်မာအနေနဲ့ ဒုက္ခသည်တွေ လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် လုံလောက် ပြည့်ဝတဲ့ ပတ်ဝန်းကျင်အနေအထား ဖန်တီးပေးဖို့ အရေးကြီးကြောင်း၊ ဒီသဘောတူညီချက် အကောင်အထည်ပေါ်ရေးအတွက် မြန်မာအစိုးရရဲ့ ဦးဆောင်မှုကဏ္ဍဟာ အဓိကကျကြောင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက UNHCR နဲ့ UNDP တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာ ၂၃ ရွာ ကို အစပျိုး လေ့လာချက်တွေ စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ကောက်ချက်မချနိုင်သေးပေမယ့် အခုကွင်းဆင်းလေ့လာချက်တွေအရ ဒီဒေသမှာ နေထိုင်ကြသူတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်တွေနဲ့ ပတ်သက်ပြီး နားလည်လာရတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ မနက်ကတော့ UNHCR နဲ့ UNDP အဖွဲ့တွေဟာ မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်မြို့နယ်တွေမှာ စုံစမ်းလေ့လာရေး ဒုတိယအဆင့်ကို စတင်ခဲ့ကြပါတယ်။