စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်တော့မယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ပြော

RFA Burmese
2023.04.11
စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်တော့မယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ပြော ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလလူ့အခွင့်အရေး ညီလာခံ တက်ရောက်လာသော ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk ။
Reuters

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လူထုစုဝေးပွဲကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk က အထူးဝမ်းနည်းတုန်လှုပ်ရကြောင်း ဂျီနီဗာမြို့ရုံးချုပ်ကနေ ဧပြီ ၁၁ ရက်နေ့ မနေ့က ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ကြေညာချက်ထဲမှာ အခုလိုတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရကြောင်း၊ အဲဒီကျေးရွာက အခမ်းအနားကိုတက်ရောက်နေတဲ့ ကျောင်းသားကလေးငယ်တွေလည်း သေဆုံးသူတွေထဲမှာ ပါဝင်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာမှာ ထွက်ပြေးနေတဲ့ ကျေးရွာသားတွေကိုလည်း စစ်တပ်ရဟတ်ယာဉ်က စက်သေနတ်နဲ့ပစ်ခတ်ခဲ့ကြောင်း ဒီကိစ္စမှာ လူရာနဲ့ချီပြီး သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ရရှိထားကြောင်း ဖော်ပြထားပါတယ်။

ပဋိပက္ခဖြစ်ပွားမှုတွေအတွင်း အရပ်သားပြည်သူတွေကို ဥပဒေအရကာကွယ်ဖို့အတွက် စစ်တပ်တစ်ခုမှာ တာဝန်ရှိရက်နဲ့ အခုလိုတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေစည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ဥပက္ခာပြုလိုက်ရာကျကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားပြည်သူတွေကို တတ်နိုင်သမျှ အကာအကွယ်ပေးဖို့နဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို လူနေထူထပ်တဲ့ ဒေသတွေအနီးတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားတိုက်ခိုက်တာတွေကို ရှောင်ကြဉ်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲတွေနဲ့ အပေါင်းအပါ စစ်သွေးကြွတွေဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အကြီးအကျယ်ပြုလုပ်ကျူးလွန်နေတဲ့ သက်သေအထောက်အထားတွေကို တွေ့ရှိနေရကြောင်းနဲ့ တချို့အဖြစ်အပျက်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်တည်မှုဆိုင်ရာ ဆန့်ကျင်တဲ့ပြစ်မှုတွေကို ကျူးလွန်ရာကျနိုင်ကြောင်း သူက ပြောလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ နိုင်ငံတကာတရားဥပဒေအရ ဒီလိုပြစ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို အရေးယူနိုင်မယ့် နေ့ရက်ကာလတစ်ခုကိုလည်း ရောက်ရှိလာမှာဖြစ်တယ်လို့ သူ့အနေနဲ့အခိုင်အမာယုံကြည်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk က ပြောကြားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။