ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်း စုကြည်နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ ပါတယ်။
UNFC အဖွဲ့က ဒုတိယဥက္ကဌ စောဒေးဗစ်သာကပေါ၊ ခူးအေဘယ်တွိဒ်၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကိစ္စတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် သုံးဦးဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်တွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး နှစ်ဘက်ကွာဟချက်တွေကို ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပြီး အဲဒီညီလာခံကရရှိလာတဲ့ သဘောတူညီချက် ၁၁ ချက်နဲ့ အစိုးရကရေးဆွဲထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အသုံးအနှုန်းတွေအပေါ် သဘောထားကွဲလွဲနေခဲ့တာလို့ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က အခုလိုပြောပါတယ်။
“ကျနော်တို့ကို သူတို့ရှင်းပြတဲ့အထဲမှာ အခွန်ကောက်တာနဲ့ ပတ်သက်ပြီးတော့မှ အစိုးရဘက်ကကောက်ရင်တော့ အခွန်ပေ့ါဗျာ၊ သူတို့ဘက်ကဆို ဆပ်ကြေးဆိုတာမျိုး နောက်တပ်သားသစ်တွေ မစုဆောင်းရဘူး၊ လက်နက်တွေ မစုဆောင်းရဘူး စသဖြင့်ပေါ့နော်၊ နောက် MPC ဘက်က သုံးတဲ့အသုံးအနှုန်းက သူတို့ကိုယ်သူတို့ အစိုးရလု့ိလည်းမသုံးဘူး၊ တခြားအဖွဲ့အစည်းလည်းမသုံးဘူး၊ နိုင်ငံတော်လို့ပဲ သုံးနေတယ်ပေ့ါ၊ အဲဒီအပေါ်မှာလည်း စကားလုံးအရပြင်ဖို့ပေ့ါနော်၊ နောက် UNFC နဲ့ တိုင်းရင်းသားအဖွဲ့တွေက သုံးထားတဲ့ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းမျိုး၊ ဒါလည်းပဲ အစိုးရဘက်က ပြန်ပြီးတော့ အလျော့အတင်းလုပ်စေချင်တယ် ဆိုတဲ့အပေါ်မှာ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးရရှိဖို့သာ အဓိကကျတယ်၊ အစိုးရဘက်ကရော ဒီ UNFC ဘက်ကရော ပြည်သူ့မျက်နှာထောက်ပြီးတော့ လျော့တန်သင့်တာလျော့ပါပေါ့၊ အဲလောက်တော့ ကျနော်တို့အကြမ်းဖျင်း အကြံဉာဏ်ပေးခဲ့ကြပါတယ်”
UNFC အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၊ UNA ကတော့ ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၆ ပါတီနဲ့ ဖွဲ့စည်းထားတာပါ။
UNFC ဒုတိယဥက္ကဌတွေဖြစ်တဲ့ ပဒို ဒေးဗစ်သာကပေါ၊ ခွန်အေဘယ်တွိဒ်နဲ့ အတွင်းရေးမှူး နိုင်ဟံသာ တို့ဟာ UNA အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနဲ့လည်း မနေ့ကတွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့လည်း ဒီနေ့ညနေပိုင်းမှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
အဲဒီ ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ ပါတီက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြပုံကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားပါတယ်။