အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး UNFC ဆွေးနွေးမည်
NCA မှာ လက်မှတ်ရေးထိုးဖို့အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ထိပ်သီးအစည်းအဝေးကို ဒီအပတ်ထဲမှာ ကျင်းပဖို့ လျာထားတယ်လို့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ဒီနေ့ ပြောပါတယ်။
-
2018-01-02 -
-
-
NCA မှာ လက်မှတ်ရေးထိုးဖို့အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ထိပ်သီးအစည်းအဝေးကို ဒီအပတ်ထဲမှာ ကျင်းပဖို့ လျာထားတယ်လို့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ဒီနေ့ ပြောပါတယ်။
UNFC ရဲ့ အဆိုပြုချက် ၉ ချက်ကို လက်ရှိအချိန်ထိ ကိုင်စွဲထားဆဲဖြစ်ပြီး အစိုးရနဲ့ အချက်အားလုံး သဘော တူညီနိုင်အောင် နည်းလမ်းရှာကြံဖို့ဖြစ်ကြောင်း ဦးထွန်းဇော် က ပြောပါတယ်။
"အစည်းအဝေးကတော့ ဒီလ ပထမအပတ်ထဲမှာ လျာထားတယ်ဗျ၊ ရက်အတိအကျ ပြောလို့မရသေးပါဘူး၊ ကျနော်တို့ခေါင်းဆောင်တွေ ခရီးလွန်နေကြတုန်းပါ၊ အဆိုပြုထားတဲ့ ၉ ချက်မှာ နောက်ဆုံး တစ်ဆို့နေတဲ့ အချက်တွေကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဖို့နည်းလမ်းရှာဖို့ အဆိုပြုထားပါတယ်။ အစိုးရဘက်က အဲဒါကိုလက်ခံမလားပေါ့နော်၊ လက်ခံတယ်ဆိုရင် နည်းလမ်းရှာသွားဖို့ဖြစ်တယ်၊ အဲဒီအတွက် တွေ့ဆုံနိုင်ဖို့ နည်းလမ်းရှာသွားမှာဖြစ်ပါတယ်"
အဲဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက်နေ့က UNFC အဖွဲ့ဝင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီက တပ်သား ၃ ဦးနဲ့ အရပ်သားတစ်ဦးတို့ကို တပ်မတော်က သတ်ဖြတ်ခဲ့တဲ့ကိစ္စကိုလည်း အဓိကထား ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။
အဲဒီကိစ္စအတွက် KNPP ခေါင်းဆောင်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က လွိုင်ကော်မြို့ ငြိမ်းချမ်းရေးစကားဝိုင်းခရီးစဉ်အတွင်း တွေ့ဆုံခွင့်တောင်းခံခဲ့ရာမှာ မအောင်မြင်ခဲ့ တာဟာလည်း ပြေလည်စေနိုင်မယ့် အခွင့်အလမ်းတစ်ရပ် ဆုံးရှုံးမှုဖြစ်တယ်လို့ မြင်မိကြောင်း ဦးထွန်းဇော် က ပြောပါတယ်။
KNPP အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ခုလိုဖြစ်ရပ်ကြောင့် ယုံကြည်မှုအား လျော့သွားတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း နှောင့်နှေးသွားနိုင်တယ်လို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ KNPP ခေါင်းဆောင်တွေက ပြောထားပါတယ်။
UNFC အဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP က NCA မှာ လက်မှတ်ထိုးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။