NCA လမ်းကြောင်းအတိုင်း အစိုးရနဲ့ ဆက်လက်ညှိနှိုင်းဖို့ UNFC ဆုံးဖြတ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နုတ်ထွက်ခြင်းမရှိဘဲ ဆက်ရှိနေမှာဖြစ်သလို NCA လမ်းကြောင်းအတိုင်း အစိုးရနဲ့ ဆက်လက်ညှိနှိုင်းသွားမယ်လို့ ထိုင်းနိုင်ငံမှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

UNFC ရဲ့ ဒုတိယအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ဝ၁၇ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့က စတင်ကျင်းပစဉ် Photo: Aung Moe Myint/ RFA

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နုတ်ထွက်ခြင်းမရှိဘဲ ဆက်ရှိနေမှာဖြစ်သလို NCA လမ်းကြောင်းအတိုင်း အစိုးရနဲ့ ဆက်လက်ညှိနှိုင်း သွားမယ်လို့ ထိုင်းနိုင်ငံမှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

လက်ရှိအချိန်အထိ UNFC မှာ ရှိနေတဲ့ အဖွဲ့ဝင်တွေ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ဒီနေ့ အစည်းအဝေး နောက်ဆုံး ရက်မှာ UNFC အဖွဲ့ ပြောခွင့်ရ ဦးထွန်းဇော်က ပြောပါတယ်။

"ကျနော်တို့ UNFC မှာ လက်ရှိ ရှိနေတဲ့ အဖွဲ့ဝင် အဖွဲ့အစည်းများဟာ ဆက်လက်ပြီးတော့မှ အတူတကွ UNFC မှာပဲ ဆက်ရှိနေမယ်။ နောက်ပြီးတော့ လက်ရှိ လုပ်ငန်းစဉ်တွေအတိုင်း ဆက်ပြီး အကောင် အထည် ဖော်ကြမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ ပတ်သက်လို့လည်းပဲ NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေကလည်းပဲ NCA အကောင် အထည်ဖော်မှုဖြစ်စဉ်ကို ဆက်သွားမယ်။ NCA ညှိနှိုင်းနေတဲ့ အဖွဲ့အစည်းတွေကလည်းပဲ NCA လက်မှတ် ရေးထိုးနိုင်ရေး ကိစ္စအပေါ်မှာ ဆက်လက်ညှိနှိုင်း ကြမယ်ပေါ့လေ၊ ဒီသဘောထားရှိပါတယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NCA လက်မှတ်ထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ UNFC အဖွဲ့က နုတ်ထွက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သုံးရက်ကြာ အစည်းအဝေး အပြီးမှာ အတူတကွ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

NCA လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ အဖွဲ့တွေဖြစ်တဲ့ KNPP နဲ့ ရခိုင်အမျိုးသားကောင်စီ ANC တို့ကတော့ UNFC က အစိုးရကို တင်ပြထားတဲ့ အချက်တွေအတိုင်း ဆက်လက်ညှိနှိုင်းသွားဖို့ရှိပြီး အဖွဲ့အနေနဲ့ ဆွေးနွေးမလား၊ တစ်ဖွဲ့ချင်းစီအနေနဲ့ ဆွေးနွေးမလားဆိုတာတော့ အစိုးရအပေါ် မူတည်တယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ အဖွဲ့ဝင်အဖြစ်ကနေ ယာယီ ရပ်နားခံထားရတဲ့ NCA လက်မှတ်ထိုးပြီးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး CNF နဲ့ ကချင်အမျိုးသားအစည်းအရုံး KNO တို့ကို UNFC အဖွဲ့ဝင်တွေအဖြစ် ပြန်လည် လက်ခံဖို့ သဘောတူညီခဲ့ကြပြီး လာမယ့် ဇူလိုင်လမှာ ကျင်းပမယ့် UNFC အရေးပေါ်ညီလာခံမှာ လက်ခံ အတည်ပြုသွားမယ် လို့ ပြောပါတယ်။

UNFC အဖွဲ့အတွင်း NCA လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးရသေးတဲ့ အဖွဲ့ဆိုပြီး ကွဲပြားမူတွေရှိပေမယ့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်ရောက်ဖို့အတွက် ညှိနှိုင်းပြီး ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က UNFC ရဲ့ ရှေ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပေမယ့် မွန်ပြည်သစ် ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ NCA လက်မှတ်ထိုးဖို့ ရှိတဲ့အတွက် အဲဒီအစည်းအဝေးကို ယာယီရပ်နားခဲ့တာဖြစ်ပါတယ်။

ဒီပွဲကို UNFC အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခွင့်တောင်းဆိုထားတဲ့ ရှမ်းပြည် လွတ်မြောက်ရေးပါတီ SSPP နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် KIA က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

UNFC အစည်းအဝေးကို ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေ ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org