UNFC အဖွဲ့ ယာယီရပ်ဆိုင်းကြောင်း ဆုံးဖြတ်

တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့ဖြစ်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ UNFC ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ UNFC ရဲ့ အရေးပေါ်အစည်းအဝေး ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့က တွေရစဉ် Photo: Aung Moe Myint/RFA

တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့ဖြစ်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ UNFC ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။

ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာလို့ UNFC ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ဟံသာက သတင်းထောက်တွေကို ပြောပါတယ်။

UNFC အဖွဲ့ဝင်တွေထဲမှာ တချို့က အစိုးရနဲ့ အပစ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိသလို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိနေပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းမှုတွေမှာ မတူညီကြတဲ့အတွက် အခက်အခဲတွေကြောင့် အခုလို ရပ်စဲလိုက်ရတာလို့ နိုင်ဟံသာ က ပြောပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စအပါအဝင် အဖွဲ့ရပ်တည်ရေးအတွက် ငွေကြေးအခက်အခဲတွေ လည်း ရင်ဆိုင်နေရတာကြောင့်လို့လည်း ပြောပါတယ်။

UNFC အဖွဲ့ဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဖွဲ့ဝင်တွေအကြား မတူညီတဲ့အမြင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လမ်းကြောင်း ရွေးချယ်မှုမတူကွဲပြား မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU က စပြီး စတင်နုတ်ထွက်ခဲ့ပြီးနောက် KIO လို အင်အားကြီးမားတဲ့အဖွဲ့တွေကပါ နုတ်ထွက်လာခဲ့ကြတဲ့အတွက် လက်ရှိမှာ အဖွဲ့ဝင် ၅ ဖွဲ့ သာ ကျန်တော့ တာဖြစ်ပါတယ်။

(RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့သည်)

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org