UNFC ခေါင်းဆောင်သုံးဦး ရန်ကုန်ကို ထွက်ခွာ


2013.11.23
unfc-political-party-305.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာပြည်တွင်းက နိုင်ငံရေး ပါတီတွေနဲ့ ပြည်ပကတိုင်းရင်းသား အင်အားစုတွေ နိုဝင်ဘာ လ ၂၂ ရက်နေ့က တွေ့ဆုံကြစဉ်
photo: RFA/ Aung Moe Myint

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒု ဥက္ကဌ ဦး အေဘယ်လ်တွီ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ပဒို ဒေးဗစ်တာကပေါတို့ ရန်ကုန်မြို့ကို ဒီကနေ့မနက် လေကြောင်းခရီးနဲ့ ထွက်ခွာပါတယ်။

ချင်းမိုင်မှာကျင်းပခဲ့တဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ ပါတီ ခေါင်းဆောင်တွေနဲ့ UNFC တွေ့ဆုံဆွေးနွေးအပြီး အခုလို UNFC ခေါင်းဆောင်တွေ ရန်ကုန်မြို့ကို ထွက်ခွာခဲ့ကြတာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းရဲ့ သီးသန့်ဖိတ်ကြားချက်အရလို့ သိရပါတယ်။

ရန်ကုန်ခရီးစဉ်နဲ့ ပတ်သက်ပြီး UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အတည်ပြု ပြောဆိုပါတယ်။

ဟုတ်တယ်၊ အလည်အပတ်သဘောပေါ့ဗျာ၊ တစ်ဖက်ကလည်း ဆွေးနွေးချင်တယ်၊ တစ်ဖက်ကလည်း ရင်းနှီးမှု သဘောလောက်ပဲလေ၊ ဆုံးဖြတ်ဖို့ဘာတို့ ဘာမှမရှိပါဘူး၊ ကျနော်တို့ သုံးယောက်တည်းဆိုရင် ဆုံးဖြတ်ပေးနိုင်တဲ့ အနေအထားမရှိဘူးလေ၊ ဆွေးနွေးမယ်ဆိုရင်လည်း အလွတ်သဘောပဲပေ့ါ၊ သူတို့လည်း လုပ်ငန်းတွေအထိ ဆွေးနွေးဖို့ ဘာမှမပြောထားဘူး”

ဒီခရီးစဉ်ဟာ ရန်ကုန်မြို့ကနေပြီး နေပြည်တော်အထိ ရောက်နိုင်သလို ဝန်ကြီးဦးအောင်မင်းအပြင် တခြားအရေးကြီးပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖို့ရှိနိုင်ပြီး၊ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ရင် တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ အခွင့်အရေးတွေကိုသာ အဓိက ပြောဆိုမှာဖြစ်တယ်လို့ UNFC ဒုဥက္ကဌ ဦးအေဘယ်လ်တွိက ပြောပါတယ်။

ရန်ကုန်ရောက်လို့ရှိရင် တခြားလူတွေနဲ့ တွေ့ကောင်းတွေ့နိုင်တယ်လေ၊ ဘာမှဆွေးနွေးဖို့တော့ မရှိပါဘူးလေ၊ ဒါပေမယ့် ပြောစရာရှိရင်တော့ အရှိကိုအရှိအတိုင်းပဲ ပြောမှာပဲလေ၊ ကျနော်တို့ တိုင်းရင်းသားအားလုံး ဒီကနေ့လိုချင်တာက တန်းတူရေးနဲ့ ဒီမိုကရေစီ နိုင်ငံတော်တစ်ခုထောင်ဖို့ပဲ၊ ဒါကကျနော်တို့ဆန္ဒပဲလေ၊ ခွဲထွက်ဖို့လည်း မရှိပါဘူး”

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး မူဘောင်ဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ စီစဉ်ထားပေမယ့်၊ အခုရန်ကုန်ခရီးစဉ် ပေါ်ပေါက်ခဲ့တာကြောင့် ဆွေးနွေးပွဲ အစီအစဉ် ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။