NCA မှာ လက်မှတ်ရေးထိုးဖို့ အချက် ၈ ချက် ညှိနှိုင်းနိုင်မှုအပေါ် မူတည်ကြောင်း UNFC ပြော

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဘက်က တင်ပြထားတဲ့ အချက် ၈ ချက်ကို ကျေလည်အောင် ညှိနှိုင်းနိုင်မှုအပေါ်မူတည်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ် ထိုးဖို့ စဉ်းစားရမှာဖြစ်တယ်လို့ UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ပြောပါတယ်။

KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ကို တွေ့ရစဉ် Photo: Thiha Tun/ RFA

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဘက်က တင်ပြထားတဲ့ အချက် ၈ ချက်ကို ကျေလည်အောင် ညှိနှိုင်းနိုင်မှုအပေါ် မူတည်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးဖို့ စဉ်းစားရမှာဖြစ်တယ်လို့ UNFC အထွေထွေအတွင်း ရေးမှူး ခူဦးရယ်က ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံတက်ဖို့နဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးရေး ကိစ္စတွေဟာ UNFC က တင်ပြထားတဲ့ အချက် ၈ချက်ကို အောင်မြင်အောင် အစိုးရက ညှိနှိုင်းနိုင်မလားဆိုတဲ့ အခြေအနေပေါ် မူတည်တယ်လို့ UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ် က ပြောပါတယ်။

"ကျနော်တို့ ညှိုနှိုင်းဆောင်ရွက်ဖို့အချက်တွေပါပဲ၊ အဲဒီအချက်တွေကျေလည်ရင်တော့ ကျနော်တို့ NCA ထိုးမယ့် ကိစ္စကိုပဲ ဆက်ညှိရဖို့ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ တခြားအဖွဲ့အစည်း မဟုတ်သော်လည်း UNFC အဖွဲ့ဘက်ကတော့ ခုနကပြောတဲ့ တင်ပြဆွေးနွေးချက် အချက် ၈ ချက်ကို ကျေလည်ပြီးမှပဲ ကျော်ဖြတ်နိုင်ပြီးမှပဲ NCA ထိုးဖို့ ဖြစ်ကောင်းဖြစ်လာမယ်၊ NCA ထိုးပြီးမှပဲ ဒီကိစ္စကို စဉ်းစားရလို့ရမယ့် ကိစ္စပါ၊ တခြားအဖွဲ့ အစည်းတွေတော့ မသိဘူးပေါ့နော်။"

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ပထမပတ်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN တို့ တွေ့ဆုံခဲ့ကြပြီး ရန်ကုန်မြို့မှာ တရားဝင်ဆွေးနွေးပွဲ မစခင် အလွတ်သဘော ထပ်မံတွေ့ဖို့ ပြောဆိုခဲ့ပေမယ့် ဒီကနေ့အထိ ရက်ညှိနှိုင်းလို့ မရသေးတာဖြစ်ပါတယ်။

UNFC က တင်ပြထားတဲ့ အချက်တွေထဲမှာ NCA လက်မှတ်ထိုးပြီးနောက် ၂၄ နာရီအတွင်း အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးဖို့၊ ၂၁ ရာစုပင်လုံညီလာခံက ရလာတဲ့ ဆုံးဖြတ်ချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့၊ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နှစ်ဘက်စလုံးက လက်ခံနိုင်တဲ့ နိုင်ငံတကာ အစိုးရတွေက ကိုယ်စားလှယ်တွေနဲ့ ပါဝင်ဖွဲ့စည်းသွားဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီအချက်တွေကို ၂၁ ရာစုပင်လုံညီလာခံမစတင်မီ ပြေလည်အောင် ညှိနှိုင်းနိုင်မလားဆိုတာ အစိုးရရဲ့ ကြိုးပမ်းမှုအပေါ်မူတည်တယ်လို့ ခူဦးရယ် ပြောပါတယ်။

NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးတဲ့ အဖွဲ့တွေ အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် မရှိဘူးလို့ အစိုးရက သတ်မှတ် ထားတာဖြစ်ပြီး ဒီဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ အဲဒီအဖွဲ့တွေကို အထူးဖိတ်ကြားတဲ့ ဧည့်သည်တော်တွေ အနေနဲ့ ဖိတ်ခေါ်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org